မကွေးတိုင်၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ရေကြီးရေလျှံမှု ဖြစ်ကာ ချောင်းနံဘေးတွင် ဆောက်လုပ်ထားသော စစ်ဘေးရှောင်တဲများ ပျက်စီးကာ တဲအတွင်းရှိ ပစ္စည်းများ ရေထဲ မျောပါသွားကြသည့်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။
ထယ်လှော်ရွာသည် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှု၊ နေအိမ် မီးရှို့ခံရမှုကြောင့် ဒေသခံများသည် ကျေးရွာကို စွန့်ကာ တောထဲတွင် စစ်ဘေးရှောင်နေရသော ကျေးရွာ တစ်ရွာ ဖြစ်သည်။
“ ရေ အဲဒီလောက်ကြီးတာ တစ်ခါမှ မကြုံဖူးသေးဘူး။ အခုက ပထမဆုံးပဲ။ အရင်နှစ်ကလဲ ရေကြီးတယ် ဆိုပေမယ့် ဒီလောက် မဆိုးဘူး။ အခုက တဲတွေ ပြို၊ ဆန်တွေ၊ မျိုးတွေ၊ အခင်းတွေ၊ အဝတ်အစားတွေ၊ ရေတင်စက်တွေ အကုန်မျောကုန်တယ်။” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ရေးကြီးရေလျှံမှုကြောင့် ချောင်းနံဘေးတွင် စိုက်ပျိုးထားသော ထယ်လှော်ရွာခံ ပြည်သူများ၏ နှမ်းခင် ဧက ၁၀၀ ကျော် ပျက်စီးသွားပြီး တဲအလုံးရေ ၂၀ ထက်မနည်း ရေလျှံကာ ပစ္စည်များလည်း မျောပါသွားကြောင်း သိရသည်။
“ နှမ်းခင်းတွေက အကုန်ပျက်သွားပြီ ဆိုတော့ ဒီနှစ်မှာတော့ မျှော်လင့်စရာ ဘာမှမရှိတော့ဘူး” ဟု ၎င်း က ဆက်ပြောသည်။
ယခုဆိုလျှင် ရေဘေးသင့် စစ်ဘေးရှောင် ပြည်သူများသည် ယခုအခါတွင် အစားအသောက်များ၊ လယ်ယာသုံး ပစ္စည်းများ နှင့် တဲများ ပြန်လည် တည်ဆောက်ရန်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း စုံစမ်း သိရှိရသည်။