ကရင်ပြည်နယ်၊ဘားအံမြို့၊ သံလွင်တံတားစစ်ဆေးရေးဂိတ်အနီး ပေါက်ကွဲမှုကြောင့်စစ်သားနှင့်ရဲ ၈ဦး ဒဏ်ရာရရှိပြီး ၂ဦးစိုးရိမ်ရအခြေအနေရှိကြောင်း သိရသည်။
ယနေ့နံနက် ၆နာရီ မိနစ်၄၀ခန့်က သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး အိမ်စီးကားတစ်စီးပေါ် မိုင်းပေါက်ကွဲခဲ့ရာ ပြည်သူ၁ဦးသေဆုံး ကာ ဒဏ်ရာရရှိသူစုစုပေါင်း၁၁ဦးရှိ ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ အခုက ရဲစာကို လျှို့ဝှက်ပြီးထုတ်တာပေါ့။ကျွန်တော်တို့ဆီမရောက်လာဘူး။စစ်သားတစ်ဦးနဲ့ ယာဉ်ထိန်းရဲတစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ကြားတယ်။စိုးရိမ်ရအနေအထားပဲ” ဟု ၎င်းကပြောသည်။
အထက်ပါ ပေါက်ကွဲမှုအတွင်း မိုင်းများပါလာသည့် ယာဉ်အနီးရှိ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ပေးဆပ်သူစုပေါင်းသွေးလှူရှင်များပရဟိတအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဖြတ်သန်းခွင့်ပိတ်လိုက်သော သံလွင်တံတားကို ယနေ့နေ့ခင်း၌ ပြန်ဖွင့်ပေး ခဲ့ကြောင်းသိရသည်။
“ တံတားက ပြန်ဖွင့်ပါပြီ။ဒီနေ့နေ့လယ် ၁၂နာရီ ၄၀မိနစ်လောက်က ပြန်ဖွင့်တာပါ။ခရီးသည်တင်ကားတွေလည်း ဖြတ်လို့ရပါပြီ” ဟု ၎င်းက ပြောသည်။
သေဆုံးသွားသည့် သုံးဘီးဆိုင်ကယ်မောင်းနှင်သူမှာဘားအံမြို့နယ်၊ ဒုံရင်းရွာကဖြစ်ပြီးသေဆုံးသွားသူ၏အလောင်းကို ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။