စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလျက်ရှိရာ ဒေသခံ ၃၀၀၀ကျော် ဘေးလွတ်ရာသို့တိမ်းရှောင်နေရကြောင်းသိရသည်။
ယနေ့(ဇူလိုင် ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်၏ ဖလက်ခွံ ၆ စီးသည် ချင်းတွင်းမြစ် ဝဲ၊ ယာရှိကျေးရွာများကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ကာ မြေပြင်မှနေ၍လည်း အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းက စစ်ကြောင်းထိုးခဲ့သည်။
ထို့ကြောင့် ယင်းမာပင်မြို့နယ်၊စုန်းချောင်း၊စည်သူ၊သံဘိုနှင့် ကျော်မှော်ရွာတို့က ဒေသခံများ တိမ်းရှောင်နေရ ကြောင်းချိုမိုင်မိုင်တော်လှန်ရေးအင်အားစု မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကပြောသည်။
“စစ်ကြောင်းက စုန်းချောင်းကနေ ကုန်းကြောင်းစထိုးနေတာ။ချင်းတွင်းမြစ်ထဲကနေ ဖလက်ခွံတွေပေါ်ကလည်း လက်နက်ကြီး၊လက်နက်ငယ်တွေ နဲ့ မြစ်ကမ်းဘေးရွာတွေကို ပစ်တယ်။ချင်တွင်းမြစ်အောက်ဘက်ကနေ မုံရွာကို ဆန်တက်တာ။လက်နက်၊ခဲယမ်းနဲ့ရိက္ခာပို့တာလို့တော့သိရတယ်။ဖလက်ခွံ ၂ စီးက ကျောက်မှော်မှာကပ်ထားတယ်။ ၄ စီးက ထပ်ဆန်တက်မလားဆိုတာတော့ မသိရသေးဘူး”ဟု ချိုမိုင်မိုင်တော်လှန်ရေးအင်အားစု မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်မောင်တူး ကပြောသည်။
ယင်းစစ်ကြောင်းသည် စုန်းချောင်းရွာမှ စတင်ကာ လက်နက်ငယ်များပစ်ခတ်ပြီးရွာစဥ်လှည့်မွှေကာ ပန်းထိမ်ပြင်ကျေးရွာနှင့်စည်ကူရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေကြောင်းသိရသည်။
ဇူလိုင် ၂၁ ရက်၊ နံနက် ၂ နာရီခန့်က စုန်းချောင်းရွာကို စစ်တပ်ကဝင်ရောက်စီနင်းကာ ပကဖ ရဲဘော်များအပါအဝင် အရပ်သားပြည်သူ ၁၄ ဦးအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သေးသည်။