တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အလယ်စခန်းရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား လေးနာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း YGF- ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်မှ မွန်းလွဲ ၂ နာရီအချိန်အထိ လေးနာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်သား (၃၅) ဦး သေဆုံးပြီး (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယင်းအလယ်စခန်းရွာအနီးကို အင်အား (၂၀၀) ဝန်းကျင်ခန့််ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ ရန်သူအခြေအနေကတော့ အဲဒီနေ့က တစ်နေ့လုံး သူပစ်၊ ကိုယ်ပစ်ပဲဆိုတော့၊ ဒီကောင်တွေ တစ်ခုကံကောင်းသွားတာက ကျွန်တော်တို့ဘက်က လက်နက်ကြီးတွေ သိပ်မပေါက်ခဲ့ဘူး။ မဟုတ်ရင် ဒီထက်ပိုပြီးသေဦးမှာ” ဟု YGF- ရေးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပြသည်။
ယင်းတိုက်ပွဲအတွင်း YGF-ရေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး KNLA တပ်ရင်း ၂၇၊ တပ်ခွဲ ၂ မှ ရဲဘော် တစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
“ အခက်အခဲကတော့ အဲ့ဒီနေ့က မိုးတစ်နေ့လုံးကြီးတယ်။ တောင်ကြောတွေက မတ်တဲ့အတွက် သွားလာရခက်ခဲတယ်။ မိုးကြီးတဲ့အတွက် ချောင်းရေများတယ်။ ပြီးတော့ နောက်တစ်ခုက ရန်သူနဲ့ပတ်သက်ပြီး သတင်းပေးတာမျိုးတွေ လိုအပ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
KNLA တပ်ရင်း ၂၇၊ တပ်ခွဲ ၂ နှင့် YGF-ရေး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့အနေဖြင့် ခဲယမ်း၊ ဆေးဝါး၊ ရိက္ခာအစရှိသဖြင့် ထောက်ပံ့မှုများလည်း လိုအပ်နေသည်ဟုဆိုသည်။