မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ မလွဲတောင်တံတားနှင့် ဆက်သွယ်ရေးတာဝါတိုင်တို့အား လုံခြုံရေးယူထားသည့် စစ်ကောင်စီလုံခြုံရေးစခန်းကုန်းကို PDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း YGF-ရေး ပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်၊ ည ၁၁ နာရီအချိန်ခန့်၌ အဆိုပါ စစ်ကောင်စီလုံခြုံရေးစခန်းကုန်းကို KNLA တပ်ရင်း ၂၇ တပ်ခွဲ ၂ နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ကာ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ ဒီကောင်တွေက ခံပစ်နိုင်တဲ့အဆင့်မှာတောင် မရှိနေတော့ဘူး၊ ထွက်ပြေးတာမျိုးပဲ လုပ်နိုင်တော့တယ်။ အခုတောင် သုံးယောက်ပျောက်နေပြီ။ တစ်ယောက်သေတယ်လို့ ကြားသိရတယ်။ တစ်ယောက်ကတော့ သေလုနီးပါဖြစ်နေတယ်” ဟု YGF-ရေးပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
PDF ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်သားများ စခန်းကို စွန့်ခွာထွက်ပြေးခဲ့သောကြောင့် စခန်းတွင်းဝင်ရောက်ရှင်းလင်းပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
” စခန်းသိမ်းပိုက်ချိန် အခက်အခဲကတော့ ညအချိန်ဖြစ်တဲ့အတွက် ရန်သူစခန်းဝင်စီးချိန်မှာ အန္တရာယ်များတဲ့ အနေအထားမှာရှိတယ်။ နောက်ထပ်အခက်အခဲကတော့ သွားလာရခက်ခဲတာတွေပါပဲ” ၎င်းက ဆက်ပြောသည်။
စခန်းအတွင်းရှင်းလင်းစဉ် စစ်ကောင်စီတပ်သားများထံမှ ရှေ့ထွက်မိုင်း (၃)လုံး၊ MA မဂ္ဂဇင်း (၁၀) ချပ်၊ ကက်သီး (၁၈) လုံး၊ ၅.၅၆ ကျည် (၂၁၈) တောင့်၊ ၄၀ မမ ဗုံးသီးကျည် (၂၀) လုံး၊ လက်ပစ်ဗုံး (၂၀) လုံး၊ အီကွေ့မန့် (၂) စုံနှင့် အခြားပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း PDF ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း YGF-ရေးပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။
စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုအခြေအနေများကိုမူ အသေးစိတ် မသိရှိရသေးသော်လည်း မြေပြင်သတင်းအရ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးကာ တစ်ဦးစိုးရိမ်ဒဏ်ရာရရှိပြီး သုံးဦးပျောက်ဆုံးနေကြောင်း MPA အနေဖြင့် ကနဦးစုံစမ်းသိရှိရသည်။
ယင်းစခန်းကုန်းသည် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ရေး-ထားဝယ်လမ်းပိုင်း ၁၄ မိုင်အနီးတည်ရှိပြီး စစ်ကောင်စီ၏ ဆက်သွယ်ရေးတာဝါတိုင်နှင့် မလွဲတောင်တံတားကို လုံခြုံရေးယူပေးထားသော စစ်တပ်လက်အောက်ခံ ခမရ ၅၉၁ မှ ဗိုလ်နေလင်းထွန်းဦးစီးသည့် အင်အား (၁၀) ဦးခန့်ရှိသော စခန်းကုန်းတစ်ခုဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။