စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နှင့် တစ်မိုင်အကွာ အရပ်လေးမျက်နှာရှိ ရွာများကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ယနေ့(ဇွန် ၂၉ ရက်) နံနက် ၉နာရီ ခွဲကျော်တွင် ဝက်လက်မြို့နှင့်တစ်မိုင်အကွာရှိ ရွာများကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံ အချို့ပျက်စီးသွားကြောင်း GZ Special Task Force -Wetlet မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
” မြို့ပေါ်နဲ့ အနီးအနားကို လာပစ်သွားတာ ၁၅ မိနစ် လောက်တော့ကြာတယ်။ ထိခိုက်တာကတော့ ရဲဘော်တစ်ဦးထိခိုက်တယ်ကြားတယ်။ မစိုးရိမ်ရဘူးလို့လည်း သိရတယ် ” ဟု GZ Special Task Force-Wetlet မှ တာဝန်ခံ ရဲဘော် GZ က ေပြာသည်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သည့်အချိန်တွင် ဝက်လက်မြို့ပေါ်နှင့် ဝန်းကျင်ဒေသ များ ၌ တိုက်ပွဲဖြစ်မနေကြောင်း သိရသည်။
“မြို့နယ်မီးသတ်ရုံးကတော့ တစ်ခြမ်းပျက်စီးသွားတယ် ကြားတယ်ဗျ”ဟု ရဲဘော် GZ က ဆက်လက် ပြောသည်။
ဝက်လက်မြို့ အနောက်ဘက်အထွက်ရှိ မီးသတ်ရုံးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် မီးသတ်ရုံး ဝန်းအတွင်းရှိ စစ်တပ်အရာရှိကြီးတစ်ဦးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဝက်လက် မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
ဝက်လက်မြို့ခံတစ်ဦးကမူ “ မီးသတ်ရုံးထိတာမှန်တယ်။အရာရှိကြီးတစ်ကောင်ထိတယ်လို့တော့ မကြား မိဘူး။မီးသတ်ရုံးထဲက ကောင်တွေ ဒဏ်ရာရတယ်လို့တော့ သိထားတယ်”ဟု ဆိုသည်။
စစ်ကောင်စီတပ်ဂျက်ဖိုက်တာသည် ဝက်လက်မြို့နယ်၊လိမ်ပင်ရွာနှင့် ခေါတောရွာကြား ဗုံး၂လုံး၊လိမ် ပင် ရွာအနောက်ဘက်ကို ဗုံးတစ်လုံးနှင့် ခေါတောရွာ အရှေ့ ကန်ဘောင်ပေါ် ဗုံးတစ်လုံးကြဲချခဲ့ရာ ခေါတော ရွာသားတစ်ဦးနှင့်သခွတ္တောရွာသားတစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း ဝက်လက်မြို့နယ်သတင်းမှန်ပြန် ကြားရေးကထုတ်ပြန်ထားသည်။