မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ရေးအရအရေးပါသော တံတားတစ်စင်းကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ပြီး လာရောက်စစ်ဆေးသည့် စစ်အုပ်စုဝင်များထပ်မံတိုက်ခိုက်ခံရကာ ထိခိုက်သေဆုံးမှုများရှိကြောင်းသိရသည်။
ယနေ့(ဇွန်လ၊၂၉ရက်) နံနက် ၄ နာရီဝန်းကျင်တွင် ဘီးလင်းနှင့်သထုံကြား ရွှေရောင်ပြရွာအနီးရှိ စစ်ရေးအရ အရေးပါသော ကျုံအိတ်တံတားကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဖွဲဖျက်ဆီးခဲ့ပြီး နံနက် ၇နာရီခွဲခန့်၌ လာရောက်စစ်ဆေးသည့် စစ်အုပ်စုဝင်များအား ထပ်မံတိုက်ခိုက်ခြင်းဖြစ်သည်။
“အဲ့ဒီတံတားက ဘီးလင်းအထွက် PTTစက်သုံဆီဆိုင်အနီးကတံတား။အဲ့တံတားက စစ်ရေးအရ အရေးပါတယ်။ဥပမာ ကျိုက်ထိုဘက်မှာ စစ်ရေးလှုပ်ရှားရင် ဘီးလင်းကနေ စစ်ကူပေးလို့မရတော့ဘူး။တခြားလမ်းမရှိတော့တာ။မနက်အစောကြီး တံတားကို မိုင်းခွဲချိန် သထုံခရိုင် ဥပဒေရုံးက ဝန်ထမ်းစိုးမိုး သေတယ်။သထုံခရိုင်မှုခင်းမှတ်တမ်းရုံး(CRO)ကရဲတပ်သား မြတ်မင်းထိုက် ဒဏ်ရာရတယ်။မှောင်ခို ကားမောင်းတဲ့သူတချို့လည်းဒဏ်ရာရကြတယ်”ဟု ဒေသတွင်းတော်လှန်ရေးရဲဘော် တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်၏ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ရေးအတွက် ယင်း တံတားအား မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“မနက်အစောကြီး တံတားချိုးပြီး လာစစ်တဲ့ သူတွေထဲမှာ ခရိုင်လမ်းဦးစီးက(EE)ဦးဇော်မင်းသေတယ်။သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဒဏ်ရာရတယ်။သူ့ကိုဆေးရုံပို့ထားတယ်လို့သိရတယ်။သထုံခရိုင်မှူး၊မြို့နယ်မှူးခရိုင်ရဲမှူးနဲ့လုံခြုံရေးလိုက်ပါတဲ့သူတွေဒဏ်ရာရကုန်ကြတယ်။စစ်သားနဲ့ရဲတွေလည်းသေကြတယ်”ဟု၎င်းကဆိုသည်။
မိုင်းဆွဲခံရသည့် တံတားကို လာရောက်စစ်ဆေးသည့် စစ်အုပ်စုဝင်များအား KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးကြဲကာ စနိုက်ပါဖြင့်လည်း ပစ်ခတ်ခဲ့သေးသည်။
လက်ရှိတွင် မကျိုးဘဲ ကျန်ခဲ့သည့် တံတားတစ်ခြမ်းမှနေ၍ ကားတစ်စီးချင်း ဖြတ်သန်းနေရကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ထိခိုက်သေဆုံးမှုများကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။