စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ၊ညောင်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ ခဲ့ရာ ဒေသခံ ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့(ဇွန်လ ၂၇ ရက်) ညနေ ၃နာရီ ခန့်တွင် စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး နေအိမ် ၁၃ လုံး နှင့်ဘုန်းကြီးကျောင်းအဆောက်အအုံ ၂ လုံးလည်း မီးလောင်ပျက်စီးသွားကြောင်း ယင်းမာပင်ခရိုင်အမှတ်(၁၀) တပ်ရင်းမှူး ရဲဘော်ပေက MPA သို့ ပြောသည်။
” ညောင်ကုန်းကျေးရွာကို ပစ်တယ်။ ရွာထဲကို ၂ လုံး။ ညောင်ကုန်းရွာ ပတ်ပတ်လည်ကိုလည်း တော်တော်များများ ပစ်ချခဲ့တယ်လို့သိရတယ် ” ဟု၎င်းက ဆိုသည်။
ညောင်ကုန်းကျေးရွာ ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် ဘုန်းကြီး ၁ပါး ပျံလွန်ခဲ့သလို အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၇ ဦးလည်း သေဆုံးခဲ့သည်။
ဘာကြောင့် လာရောက်ဗုံးကြဲသလဲဆိုသည်ကို မသိကြောင်း ၎င်းက ဆက်လက်ပြောသည်။
” ပုလဲ မြို့တောင်ဘက်က ယာတွေထဲကို ပစ်သေးတယ်။ အကွာအဝေးက ၁ မိုင်လောက်ရှိတယ်လို့ပြောတယ်။ တောက်လျှောက်ပစ်သွားတယ်လို့သိရတယ် ” ဟု ၎င်းက ပြောသည်။
ပုလဲမြို့တောင်ဘက်ရှိ ယာခင်းများပေါ်သို့ ပစ်ခတ်ခြင်းကြောင့် ထိခိုက်ပျက်စီး အခြေအနေကိုမူ မသိရသေးပေ။