တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ပိုင်း နေအိမ်များကို ဝင်ရောက်စီးနင်းခဲ့ရာ နှစ်ဦး သေဆုံးကာ သေနတ် ၂လက်ရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၄ရက်နေ့၊မွန်းလွဲ ၂နာရီခန့်မှ စတင်ကာ ပုလောမြို့နယ်၊ပလောက်မြို့ရှိ ပျူစောထီးခေါင်းဆောင်၊ဒုခေါင်းဆောင်နှင့် ပျူစောထီးအဖွဲ့ဝင်တစ်ဦး နေအိမ်သို့ ပုလောစစ်ကြောင်း (၁)က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ပျူစောထီး ဒုခေါင်းဆောင်အပါအဝင် ပျူစောထီးနှစ်ဦးအား ရှင်းလင်းနိုင်ခဲ့ကြောင်း ပုလောစစ်ကြောင်း( ၁)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ၂၄ရက်နေ့က ရှင်းတာပါ။ပျူစောထီး ဒုခေါင်းဆောင်ဦးမျိုးတင့်ကို သူ့နေအိမ်မှာပဲ ရှင်းခဲ့တာပါ။လက်ပစ်ဗုံးတစ်လုံးရခဲ့တယ်။နေ့လည် ၃နာရီခွဲက ပျူစောထီးဖွဲ့ရာမှာ အဓိကပါတဲ့ ဦးစိန်သန်းကို ညောင်ရှင်ကုန်းရွာက သူ့အိမ်မှာ သွားရှင်းခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းနောက် ညနေ ၄နာရီခန့်တွင် ပလောက်မြို့၊ကျောက်တောင်ရွာရှိ ပျူစောထီးခေါင်းဆောင် တုတ်တုတ်နေအိမ်သို့ ပုလောစစ်ကြောင်း (၁)က ဝင်ရောက်စီးနင်းစဉ် သတင်းပေါက်ကြားပြီး ထွက်ပြေးသွားသဖြင့် ၎င်းနေအိမ်အား ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ ပျူခေါင်းဆောင် တုတ်တုတ်နေအိမ်ကိုသွားတော့ ထွက်ပြေးသွားပြီ။နေအိမ်ထဲဝင်ရှာတော့ AK သေနတ် ၂လက်၊ကျည်ဘောက် ၄ခုနဲ့ ကျည်ဆန် ၁၃၀ရတယ်။စစ်တပ်ရဲ့ ဘက်တံဆိပ် ၇စုံရရှိခဲ့ပါတယ်။သူကဟိုဘက်ဝင်ရှင်းတာကို သတင်းကြိုရပြီး လွတ်သွားတာပေါ့” ဟု ၎င်းကဆက်လက် ပြောသည်။
ပျူစောထီးများသေဆုံးခြင်းကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
လက်ရှိတွင် ပုလောမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၁၂ဖွဲ့ကို ဖျက်သိမ်းကာ ပုလောစစ်ကြောင်း (၁)အဖြစ် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။