စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ၊ညောင်ပင်ကြီးအုပ်စု ၊သိမ်တော်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်များမှ ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့က ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။
သိမ်တော်ကျေးရွာ မီးရှို့ခံရသည့်အိမ်ခြေများနှင့် ပတ်သက်ကာ မြေပြင်အဖွဲ့တဖွဲ့မှ ယခုလို ဆိုသည်။
“ အိမ်ခြေ ၃၀ ကျော်ကနေ ၇၀ လောက်ပါတယ်ပြောတယ်။ ၊ကျွန်တော်တို့တွေ အနီးကပ်သွားရောက်ပြီး ကင်းမထောက်မနိုင်သေးလို့ပါဗျ၊ ကင်းပုန်းတွေရှိလို့ပါ” ဟု Salingyi Information & Support တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။
သိမ်တော်ကျေးရွာရှိ ပြည်သူများသည် လက်ရှိတွင် နီးစပ်ရာ တောများနှင့် နီးစပ်ရာ ကျေးရွာများသို့ ခက်ခက်ခဲခဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက် ၂၀၂၃ ခုနှစ်တွင် ဒေသခံကာကွယ်ရေးတပ်များက ညောင်ပင်ကြီး ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးသည့် အချိန်မှ စ၍ စစ်ကောင်စီတပ်များသည် ညောင်ပင်ကြီးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများအား ဆက်တိုက်ဆိုသလို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
“ ဇွန်လ ၉ရက်နေ့မှာ စခန်းသိမ်းပြီး ၉ ရက်နေ့ ညကနေ ယနေ့အချိန်ထိ ရှို့နေပါတယ်ဗျ၊ ကြားထဲမှာ ၂ ရက်လောက် မရှို့ပဲနေပါသေးတယ်ဗျ၊” ဟု ၎င်းက ဆက်ပြောသည်။
ညောင်ပင်ကြီးအုပ်စုတွင် ကျေးရွာ ၇ ရွာခန့်ရှိပြီး ညောင်ပင်ကြီး အုပ်စုတွင် မီးရှို့ခံရသော အိမ်ခြေ ၂၀၀ မှ ၃၀၀ ကြား ရှိနေပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။