စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် အတွင်းရှိ ညောင်ဇင်လေးရွာ ပျူစောထီးအထိုင်စခန်းကို PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ဇွန်လ ၂၅ ရက်နေ့၊ ညနေ၃ နာရီ ခန့်တွင် ညောင်ဇင်လေးရွာရှိ ပျူစောထီးစခန်းကို Kanbalu Underground Warriors နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ၆၀ (မမ)၊၈၁ (မမ) လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။
” ရွာရဲ့ထိပ်က ဘန်ကာရယ်၊ တောင်ဘက်က ဘန်ကာ ကို လှမ်းပစ်တာပါ။ဘန်ကာဆိုတာ ကခံတပ်သဘောမျိုး ကာရံထားတာကို ခေါ်တာဗျ။ရွာရဲ့အရှေ့ဘက်နဲ့တောင်ဘက်ကျတယ်ဗျ
” ဟု PDFများနှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောသည်။
ညောင်ဇင်လေးရွာ အရှေ့ဘက်ကို လက်နက်ကြီးဖြင့် ၄ ချက်နှင့် ရွာတောင်ဘက်ကို ၄ ချက်ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုများရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။
” နှစ်ဖက်ခွဲ ပစ်ရတာဗျ။ မိနစ် ၂၀ လောက် ပစ်ခတ်မှုဖြစ်ခဲ့တယ်ဗျ။ လောလောဆယ်ညောင်ဇင်လေးပျူအထိုင်ရွာ အနီးအနားက ပြည်သူတွေက အစောကတည်းကနေစစ်ရှောင်နေရတာ” ဟု၎င်းက ပြောသည်။
ပျူစောထီးများသည် ညောင်ဇင်လေးရွာ သို့ ဝင်ရောက်တပ်စွဲထားသည်မှာကြာပြီဖြစ်ပြီး ပျူစောထီးများ ဝင်ရောက်တပ်စွဲကတည်းက အနီးကျေးရွာများမှ ပြည်သူ ၈၀၀ ခန့်တို့ စစ်ရှောင်နေကြခြင်းဖြစ်သည်။
ပစ်ခတ်မှုအပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်။