စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တောင်ပိုင်း၊ သာစည်ရွာအား ယနေ့ နေ့လယ် ၁၂ နာရီခန့်မှစပြီး စစ်ကောင်စီဘက်မှ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့နံနက် ၉ နာရီခန့်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား သာစည်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကလေးမြို့စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် တောင်ပိုင်းကို ပစ်ခတ်ပြီး သာစည်ရွာကိုလည်း မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု သိရသည်။
“မနက် ၉ နာရီ ၁၀ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်တယ်။ ဖြစ်တာကတော့ ရပ်လိုက်ပစ်လိုက်နဲ့ ဖြစ်နေကြတာ။ အကျအဆုံးတွေတော့ မသိရသေးဘူး။ မီးရှို့တာကတော့ နေ့လယ် ၁၂ နာရီလောက်က စရှို့တာ။ ရှို့နေတုန်း။ အိမ်ခြေ ၂၀ လောက်တော့ လောင်ပြီးတော့မယ်။ လက်နက်ကြီးတွေလည်း ထုနေတယ်” ဟု သာစည်ရွာနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ကလေးမြို့စစ်ကောင်စီသည် ယခင်ကလည်း ကလေးတောင်ပိုင်းအား လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်မှုရှိနေသည့်အတွက် သာစည်ရွာပြည်သူများအနေဖြင့် တောတိုက်များအတွင်း ရှောင်နေကြရပြီး ရွာထဲတွင် လူမရှိသလောက် နည်းပါးသည်ဟု သိရသည်။
“သာစည်ရွာထဲက လူမရှိသလောက်နော။ လက်နက်ကြီးက တစ်လလောက်ရှိပြီ နေ့တိုင်းထုနေတော့ တောတိုက်တွေထဲ ရှောင်နေကြတာ။ တချို့နေရဲတဲ့ လူလောက် ကျန်ခဲ့တာပါ။ အခုကတော့ စခတွေလည်း စစ်ကြောင်းထိုးတော့ ရွာထဲ လူမရှိလောက်တော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။
ကလေးမြို့ စစ်ကောင်စီတပ်များသည် ယနေ့နံနက်ပိုင်းကတည်းက အင်အားအများအပြားဖြင့် တောင်ပိုင်းသို့ စစ်ကြောင်းထိုးရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ကလေးမြို့ လေဆိပ်တွင်လည်း နံနက် ၆ နာရီကတည်းက Mi35 ရဟတ်ယာဥ်တစ်စင်း လက်နက်အပြည့်အစုံ တပ်ဆင်ကာ အသင့်အနေအထားရှိနေသည်ဟု စုံစမ်းသိရှိရသည်။