ကယား (ကရင်နီ)ပြည်နယ်၊ မယ်စဲ့မြို့ကို စိုးမိုးနယ်မြေအဖြစ် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း KNDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇွန်လ ၂၃ရက်နေ့က ထိုင်းနယ်စပ်၊ မယ်စဲ့မြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ် လေယာဉ်များရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရသည်။
“ မနေ့က စခန်းသိမ်းတိုက်ပွဲပေါ့။လက်နက်ခဲယမ်းတွေရော သေနတ်တွေရောရရှိခဲ့ပါတယ်။မယ်စဲ့အရှေ့ဘက်က ဗျူဟာကုန်းပေါ့။စခန်းသိမ်းပြီးသွားတော့။ဂျက်လေယာဉ်လေးစင်းလာပြီး ပစ်လို့ သေဆုံးသွားတဲ့ ရဲဘော်တွေရှိတယ်” ဟု ၎င်းကပြောသည်။
ယမန်နေ့က လေကြောင်းမှ ဗုံးကြဲသဖြင့် KA ရဲဘော်တစ်ဦး ၊ KNDF ရဲဘော်နှစ်ဦး နှင့် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF)ရဲဘော်တစ်ဦးတို့ကျဆုံးခဲ့သည်။
“ ဘောလခဲ အခြေစိုက် ခမရ-၄၃၀ တပ်ထိုင်တဲ့ BP 13 စခန်းကကောင်တွေလာပြီး လက်နက်ချတာတော့ အခုအချိန်အတည်ပြုဖို့ခက်ပါသေးတယ်။ကျွန်တော်တို့ ထုတ်ပြန်ပါ့မယ်” ဟု ၎င်းက ပြောသည်။
မယ်စဲ့မြို့တိုက်ပွဲကို ဇွန်လ ၁၃ရက်နေ့မှစတင်ခဲ့ပြီး ဒေသခံ ၃၀၀၀နီးပါး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးရသည်အထိ ပြင်းထန်ခဲ့ကာမဟာမိတ်တပ်ပေါင်းစုဘက်က ကျဆုံးရဲဘော် ၁၀ဦးထက်မနည်း ရှိကြောင်း သိရသည်။