စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့စစ်ကောင်စီ၏ ဒ.က.စ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) တပ်မှ ဇွန်လ ၂၃ ရက် ည ၁၀ နာရီအချိန်ခန့်တွင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိုမာရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ပြည်သူတစ်ဦး အသက်ဆုံးရှုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ဒကစ ကနေ ၁၂၀ မမ နဲ့ ပစ်တာပါ။ ပစ်တာကတော့ လေးငါးခြောက်လုံးပစ်တာ။ ရွာထဲကို ကျတာက ၄ လုံးကျတယ်။ ၁၀ နာရီထိုးပါးနီးလောက်ပါ့။ ၁၀ နာရီလောက်ဆို စထုတော့တာ။ အိပ်နေတဲ့ အချိန်ကြီး အိမ်ပေါ်ကျတာ။ အိမ်ကတော့ ပွစာကြဲလို့။ လူကတော့ လည်ပင်းပြတ်ထွက်သွားတာ။ ပွဲချင်းပြီးပါ့”ဟု ထိုမာရွာဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိုမာရွာမှ အသက် ၅၀ ကျော်အရွယ် ဦးဝင်းဘိုဆိုသူအမျိုးသား အသက်ဆုံးရှုံးခဲ့ရပြီး ၎င်း၏ အမျိုးသမီးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာ (ပြင်းထန်) ရရှိသွားခဲ့သည်ဟု သိရသည်။
“ရွာထဲကျပြီး လူထိတာက ၂ လုံးထိတာနော။ တစ်လုံးက ခုနက အိမ်ပေါ်ကျတာ။ တစ်ယောက်သေပြီး သေဆုံးသူရဲ့အမျိုးသမီးလည်း ပေါင်ကို လက်နက်ကြီးကျည်ထိမှန်တယ်။ အဲ့ဒီအိမ်ရဲ့ အရှေ့မြောက်ဘက်အိမ်က အမျိုးသားတစ်ဦးက ဝမ်းဗိုက်ကို ရှပ်ထိဒဏ်ရာရတယ်။ အနောက်ဘက်အိမ်က ၁၉ နှစ်အရွယ် ကောင်မလေးတဦး နံကြားထဲ လက်နက်ကြီးကျည်စ ထိမှန်တယ်။ သူက စိုးရိမ်ရတယ်။ တစ်လုံးက ဘုန်းကြီးကျောင်းနားကို ကျပြီး အမျိုးသမီး ၁ ဦး တင်ပါးမှန်တာ။ ရွာထဲက နွားတစ်ကောင်လည်း သေတယ်။ ထိတဲ့သူတွေကိုက ဒီဘက်ဆေးရုံကိုပို့ထားတာနော”ဟု ၎င်းက ဆက်ပြောသည်။
ထိုမာရွာသည် ကလေးမြို့တောင်ပိုင်းတွင် တည်ရှိသည့် ရွာတစ်ရွာဖြစ်ပြီး ကလေးမြို့စစ်ကောင်စီတပ်စခန်းများမှ မေလ ၁၇ ရက်နေ့မှစ၍ တောင်ပိုင်းအားလက်နက်ကြီး ပစ်ခတ်မှုများ နေ့စဥ်လုပ်ဆောင်နေသဖြင့် တစ်ရက်လျှင် အပြစ်မဲ့ပြည်သူတစ်ဦးနှုန်း အသက်ဆုံးရှုံးနေရသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။