စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းရှိ ဒေသခံအချို့ကို ပျူစောထီးသင်တန်းတက်ရန် အဓမ္မ မဲနှိုက် ခိုင်းနေကြောင်း သိရသည်။
ဇွန်လ ၂၂ ရက်နေ့ ညနေ ၃နာရီခွဲခန့်က ကျွန်းလှမြို့နယ်၊လယ်လှရွာတွင် ဒေသတွင်း ပျူစောထီးခေါင်းဆောင်များက ပျူစောထီးသင်တန်းတက်ရန် မဲနှိုက်ခိုင်းခဲ့ရာ ရွာသား၁၂ဦး မဲပေါက်ခဲ့ကြောင်း ကျွန်းလှမြို့နယ်တက် ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။
” ပေါက်တဲ့ ၁၂ ယောက်ထဲက တချို့က မေ့လဲသွားတာတို့၊ တချို့ကလည်း အော်ကြီးဟစ်ကျယ်နဲ့ ငိုကြတာတို့၊ ဒီလို ကိစ္စတွေ ရှိတယ်။ သူတို့ မတက်ချင်ဘဲနဲ့ တက်ရတာပေါ့” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ပျူစောထီးသင်တန်းတက်ရောက်ရန် တင်းတိမ်ရံရွာ မှ ၈ ဦး၊ မြနှင်းကုန်းရွာမှ ၂ ဦးနှင့် အင်းကောင်းရွာ မှ ၅ ဦး စုစုပေါင်း ၁၅ ဦးလည်း ရွေးချယ်ခံထားရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
” မဲပေါက်တဲ့သူတွေထဲက ကာယကံရှင်မလိုက်နိုင်လို့ လူငှားထည့်မယ်ဆိုရင် သိန်း ၅၀ ပေးရမယ်လို့လည်း ပြောတယ်။ မဲမပေါက်တဲ့ အိမ်တွေက တစ်လကို တစ်သိန်းနှုန်း လစဉ်ကြေးပုံစံမျိုး ပေးရမယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယခင်ကလည်း လယ်လှရွာသား၃၀ကို မဲနှိုက်ရွေးချယ်ကာ ပျူစောထီး သင်တန်းတက်ခိုင်းခဲ့ သည်။