ကယား(ကရင်နီ)ပြည်နယ်မှ စစ်ရှောင်များ ထိုင်းနိုင်ငံဘက်သို့ ဝင်ချင်းတိုင်းဝင်၍ မရတော့ကြောင်း သိရသည်။
ဇွန်လ ၁၃ရက်နေ့မှ စတင်ကာ ကယား(ကရင်နီ)ပြည်နယ်ရှိ မယ်စဲ့မြို့နယ်က ထောင်နှင့်ချီသော စစ်ဘေးရှောင်တို့သည် ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင် ခရိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး နောက် ဆက်တိုက်ဆိုသလို ထပ်မံဝင်ရောက်လာခြင်းကြောင့်ထိုင်းနယ်စပ်ဂိတ်ကို တင်းကျပ်လိုက်ခြင်းဖြစ်ကြောင်း မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“ စစချင်း ဝင်တုန်းက အေးဆေးပဲ။ယာယီတဲတွေနဲ့ စားနပ်ရိက္ခာပေးတာမျိုးရှိတယ်။အခုကျ မယ်ဟောင်ဆောင်ထဲ နေ့တိုင်း စစ်ဘေးရှောင်တွေရောက်နေတော့ စစ်ဘေးရှောင်က ငါးထောင်ကျော်လာပြီ။ထိုင်းဘက်က သိပ်လက်မခံချင်တော့ဘူး။မနေ့က ဖားဆောင်းဘက်ကလာတဲ့သူတွေဆို နယ်စပ်မှာပဲ နေနေရတယ်” ဟု ၎င်းက ပြောသည်။
ဇွန်လ၂၁ရက်မှစတင်ကာထိုင်းနယ်စပ်ဂိတ်ကို တစ်ရက်လျှင် ၂ကြိမ်သာဖွင့်ပေးပြီး တစ်ရက်မှာ စစ်ရှောင် ၇၀၀ နီးပါးကိုသာ လက်ခံတော့ကြောင်းသိရသည်။
ထို့ကြောင့် ကယားပြည်နယ်၊ မယ်စဲ့မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့တို့အကြားရှိ မြန်မာဘက်ခြမ်းနယ်စပ်တစ်နေရာတွင် ဖားဆောင်းမြို့မှ လာသည့် စစ်ဘေးရှောင်များနှင့် မယ်စဲ့မြို့နယ်၊ပန်တိန်းကျေးရွာဘက်မှ လာသည့် စစ်ဘေးရှောင် တစ်ထောင်နီးပါးရှိနေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ အခုပြဿနာက ဘာလဲဆိုတော့ စစ်တပ်က တိုက်ပွဲမဖြစ်တဲ့နေရာတွေကို ဗုံးရက်ဆက်ကြဲတော့ ဒေသခံတွေက ဘာမှမပါဘဲပြေးရတာ။ထိုင်းဘက်က သူနဲ့ဘာမှ မဆိုင်ဘဲ အကုန်ကူနေရတော့ ငြိုငြင်လာတဲ့သဘောပေါ့။အခုက စားစရာရော၊သောက်စရာရော တော်တော်ပြတ်နေကြပြီ။ထိုင်းဘက်ကတော့ နယ်စပ်ဂိတ်ကို တစ်ရက်နှစ်ခါ လောက်ဖွင့်ပေးနေလို့ တော်သေးတယ်ပြောရမယ်။ဖားဆောင်းဘက်က တစ်ဝက်လောက်ကတော့ ဒီနေ့ ထိုင်းထဲရောက်နေပါပြီ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်ခရိုင်နှင့်ကပ်လျက် မြန်မာဘက်ခြမ်းသို့ လက်နက်ကြီးနှင့်ပစ်ခြင်း၊လေကြောင်းမှ ဗုံးကြဲခြင်းတို့ ယနေ့ထိ မပြုလုပ်သေးသဖြင့် ဖရူဆို အနောက်ခြမ်းရွာများမှ ဒေသခံများသည် ယင်းနေရာသို့ ရောက်ရှိလာကာ နယ်စပ်၌ စစ်ဘေးရှောင်များလာရခြင်းဖြစ်ကြောင်း MPAက စုံစမ်းသိရသည်။