တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာသို့ စစ်ကြောင်း (၃) ကြောင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား (၂) ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ (၂ဝ) ရက်နေ့ နံနက် (၁၁) နာရီ (၄၀) မိနစ်ဝန်းကျင်အချိန်တွင် မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမကြီး၌ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့၊ ည (၇) နာရီအချိန်ခန့်အထိ ထိတွေ့ပစ်ခတ်မှုများ အပြင်းအထန် အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ ” ဒီကောင်တွေ ပဝတ်ကုန်းဘက်ကို စစ်ကြောင်း သုံးကြောင်းထိုးပြီး တက်လာတာ။ ကျနော်တို့ဘက်က စတွေ့ပြီး ရင်ဆိုင်ပစ်ခတ်ခဲ့တယ်” ဟု တိုက်ပွဲတွင် ပါဝင်သည့် ရဲဘော်တစ်ဦးက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများနှင့် အင်အား (၂ဝဝ) ခန့်ရှိသည့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များသည် လက်နက်ကြီးပစ်ကူ ရာနှင့်ချီပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ခုခံမှုကြောင့် စစ်ကောင်စီတပ်များသည် ၎င်းတို့၏ ရည်မှန်းချက်ကို ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်းလည်း မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ဆိုသည်။
အဆိုပါ (၂) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁ဝ) ဦးခန့် သေဆုံးခဲ့ပြီး စစ်သား အလောင်း (၁) လောင်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းမှ ရဲဘော် (၁) ဦး ကျဆုံးကာ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။
မြိတ်-ထားဝယ်ကားလမ်းမကြီးအပေါ် ဖြတ်သန်းသွားလာခွင့်နှင့် ပတ်သက်၍ “ လက်နက်ကြီး၊ လက်နက်ငယ် အသံတွေကြားကတည်းက ကားတွေ ဖြတ်ခွင့်မပြုတော့ဘူး။ (၂၁) ရက်နေ့ည အထိ ပိတ်ထားတုန်း။ အခုတော့ ကားတွေ လွတ်လိုက်ပြီ” ဟု နီးစပ်ရာသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပုလောမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သဖြင့် ခရီးသွားပြည်သူများအနေဖြင့် မြိတ်-ပုလောလမ်းမကြီးအား အသုံးပြု၍ ခရီးသွားလာခြင်းအား မလိုအပ်ဘဲ လုံးဝမပြုလုပ်ကြပါရန် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းမှ မေတ္တာရပ်ခံ အကြံပြုထုတ်ပြန်ထားပါသည်။