မကွေးတိုင်းဒေသကြီးအတွင်း အခြေစိုက်လျက်ရှိသော မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (MRG) မှ ဒေသအတွင်း NUG ကျောင်းများတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အခမဲ့ဆေးကုသမှုများပေးနေသည်ဟု စုံစမ်းသိရှိရသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အခမဲ့ဆေးကုသမှုပေးခြင်းများကို မကွေးတိုင်းဒေသကြီး၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန (MOH) နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။
“၃ကြိမ်ရှိပါပီ ဒီလကို။ စခန်းမရွှေ့ခင်ကတည်းက လုပ်ခဲ့တာပါ။ စခန်းရွှေ့တော့ နားထားခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ဆေးပေးခန်းနည်းတဲ့ ရွာတွေနဲ့ လိုအပ်လို့ အကူညီတောင်းခဲ့တာတွေကြောင့် ကုသပေးခဲ့ခြင်းဖြစ်ပါတယ်။ ကလေးတွေကိုတော့ ရာသီအဖျား ဖျားနာတာတွေရှိတာကြောင့် ကျန်းမာစွာ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး အခုလိုပြုလုပ်ခဲ့တာပါ”ဟု မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (MRG) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပေါင်မုန့်က MPA သို့ ပြောသည်။
မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (MRG) အနေဖြင့် ဒေသခံများအတွက်လည်း ရွာတစ်ရွာတွင် အခမဲ့ဆေးပေးခန်းဖွင့်လှစ်ပေးထားသည်ဟု သိရသည်။
“စခ (စစ်ကောင်စီ) တွေက ဆေးပစ္စည်းတွေကို မသင်္ကာရင် သိမ်းတာကြောင့် တော်တော်များများကို မသယ်ယူရဲကြပါဘူး။ အခုချိန်မှာ ဝယ်ယူလို့ရတာတွေရှိတုန်း ဝယ်နိုင်ဖို့ ရန်ပုံငွေလိုအပ်ပါတယ်”ဟု ရဲဘော်ပေါင်မုန့်က ဆက်ပြောသည်။
စစ်ကောင်စီမှ ဆေးပစ္စည်းသယ်ယူခွင့်ကို စစ်ဆေးမေးမြန်းမှုများ တင်းကျပ်နေပြီး သိမ်းယူမှုများလည်း ရှိနေသည့်အတွက် MRG အနေဖြင့် ရေရှည်တွင် ဆေးဝါးပြတ်လပ်မည်ကို စိုးရိမ်မိကြောင်း စုံစမ်းသိရှိရသည်။