တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ပဝတ်ကုန်းရွာတွင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးရာနှင့် ချီပစ်ခတ်ခဲ့ကြောင်းသိရသည်။
ဇွန်လ ၂၀ရက်နေ့၊နံနက် ၈နာရီခန့်က ပုလောမြို့နယ်၊ကဒဲရွာနှင့် ပဝတ်ကုန်းရွာတို့ကို စစ်သားအင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုး စတင်တိုက်ခိုက်ခဲ့ကြောင်း ပုလောPDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ တိုက်ပွဲက ဒီနေ့အထိ မပြီးသေးပါဘူး။ကျွန်တော်တို့ တပ်စွဲပြီး သိမ်းထားတဲ့ သူတို့စခန်းကို ပြန်လာသိမ်းတာပေါ့။စစ်ကောင်စီဘက်က ၁၂၀(မမ)တွေ ၈၀(မမ)တွေနဲ့ ပဝတ်ကုန်းရွာထဲကို ပစ်နေတာ အလုံး၁၀၀ကျော်ပြီ၊အရမ်းဖိနေတာပေါ့။မနေ့က တပ်ခွဲ ၂က ရဲဘော်တစ်ဦးကျတယ်။စစ်သားအလောင်းတစ်လောင်းရတယ်” ဟု ၎င်းက ပြောသည်။ တိုက်ပွဲအတွင်း စစ်သားများ သေဆုံးမှုများပြားခဲ့ပြီး စစ်သားအလောင်းများ သယ်ထုတ်နေသည်ကို တွေ့မြင်ရကြောင်း နှင့် ပဝတ်ကုန်းစခန်းအား စစ်ကောင်စီတပ်က သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း ရှေ့တန်းစစ်မြေပြင်ရှိ PDF ရဲဘော်တစ်ဦးက ပြောသည်။
“ အခုက အရမ်းဖိနေတာ။မြိတ်ခရိုင် ရင်း ၁ ခွဲ ၃က စစ်ကူလာတာတွေကို ကြားဖြတ်တိုက်ခိုက်နေတယ်။တပ်ခွဲ ၂ကတော့ မြေပြင်မှာ ထိတွေ့နေတာပေါ့။ရွာထဲ လက်နက်ကြီးကျပေမယ့် ဘေးကင်းပါသေးတယ်။သူတို့ဘက်က အလောင်းတွေပုံနေတာ။တိုက်ပွဲထဲ သယ်ထုတ်နေတာတွေ့တယ်။တိုက်ပွဲပြီးမှ အသေးစိတ်သိရမှာ” ဟု ၎င်းက ပြောသည်။
ပဝတ်ကုန်းရွာနှင့် ကဒဲရွာမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြကြောင်း သိရသည်။