ကယား(ကရင်နီ)ပြည်နယ် ၊ဟိုစဲ့မြို့နယ်ရှိ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ဌာနချုပ်ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံး၆လုံး ကြဲ ချခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် လ၁၇ရက်နေ့က KNPLF ဌာနချုပ်ကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်ကပြောသည်။
“ စနေနေ့က ဗုံး ၆လုံးနဲ့ KNPLFဌာနချုပ်ကို အတွဲလိုက်ဗုံးလာကြဲသွားတာ။နှစ်လုံးက မပေါက်ဘူး။ဘောလုံးကွင်းလည်း ထိတယ်၊ဌာနချုပ်ဘက်လည်းထိတယ်။ဌာနချုပ်နဲ့ ဘောလုံးကွင်းကြားထဲမှာ ဗုံးနှစ်လုံးရှိတယ်။ဘာလို့ဆို မယ်စဲ့ရဲစခန်းကိုတိုက်ခိုက်လို့ ပြန်လာပစ်တဲ့သဘောပေါ့” ဟု ၎င်းက ပြောသည်။
KNPLF ဌာနချုပ်ဗုံးကြဲခံရမှုနှင့်ပတ်သက်ပြီး သေဆုံးမှုများရှိသည်ဟု သိရသော်လည်း ပျက်ဆုံးထိခိုက်သေဆုံးစာရင်းကို တိတိကျကျအတည်မပြုနိုင်သေးပေ။
ယင်းတိုက်ခိုက်မှုအပြီးတွင် မယ်စဲ့မြို့နယ်အတွင်းရှိ ပန်တိန်းကျေးရွာကို စစ်ကောင်စီတပ်က ဆက်လက် ဗုံကြဲတိုက်ခိုက်လျက်ရှိကြောင်း KNDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ ဇွန်လ ၁၈ရက်နေ့ကတည်းက မနေ့ကအထိ ဗုံးကြဲနေတာ။ပန်တိန်းကို ပစ်မှတ်ထားတာပေါ့။လေယာဉ်နဲ့ တစ်နေ့ကို ၅ ခါ ထက် မနည်း လာကြဲတယ်။ တစ်ခါကြဲရင် ၆ လုံး။ အတွဲလိုက်ကို ကြဲတာ။ ဗုံးမကြဲရင် ကင်းထောက်လေယာဉ်ပတ်တယ်” ဟု ၎င်းက ပြောသည်။ ယနေ့နံနက်ပိုင်းတွင်လည်း မယ်စဲ့မြို့နယ်အနီးသို့ စစ်ကောင်စီတပ်က ကင်းထောက်ရဟတ်ယာဉ်များဖြင့် ကင်းပတ်နေပြီး ဗုံးကြဲတိုက်ခိုက်မှုမရှိသေးကြောင်းသိရသည်။
ပန်တိန်းကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအချို့ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး BGFတပ်ပေါင်းစုများကလည်း စစ်ကောင်စီတပ်အားပြန်လည်တိုက်ခိုက်ကာ စစ်ရေးပြင်းထန်လျက်ရှိသည်။