ရှမ်း – ကယား(ကရင်နီ)နယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်း မပြုရန် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များမှ သတိပေးထားကြောင်း သိရသည်။
ဇွန်လ ၁၉ ရက် ယနေ့ နံနက်ပိုင်း ၁၀ နာရီခန့်က မိုးဗြဲမြို့အား စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်ခြင်းဖြင့် မိုးဗြဲတိုက်ပွဲအား ပြန်လည်စတင်ခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ မိုးဗြဲမှာ တိုက်ပွဲဖြစ်နေတာ ဒီနေ့ဆို ၁၆ ရက်ရှိပြီ။ လက်နက်ကြီးရော၊ တာဝေးပစ်ဒုံးတွေရော ပစ်နေကြတာဆိုတော့ မြို့က ပျက်လုနီးပါးဖြစ်နေပြီ။ သူတို့(စစ်ကောင်စီ)ကလည်း ကယားက ဆုတ်ခါနီးဆိုတော့ အပြင်းအထန်စစ်ကြောင်း ထိုးနေတာ” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က မိုးဗြဲမြို့တွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် PDFတပ်ပေါင်းစုများ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း MOBYE PDF Rescue Team-MPRT ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ အဆမတန် အသုံးပြုခဲ့လို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေကို ကျွန်တော်တို့နဲ့ မဟာမိတ်ကယ်ဆယ်ရေးအဖွဲ့တွေက စစ်မြေပြင်မှာ ပူးပေါင်းကယ်ဆယ်ရေးတွေ ပြုလုပ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်က သုံးဦးပါ” ဟု ၎င်းက ပြောသည်။
မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ ၁၆ ရက်ကျော်လာပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ် MB PDF B-01 ၊ MB PDF B-02 ၊ Loikaw PDF ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B-03 နှင့် မြို့ပြတော်လှန်ရေးတပ်ဦး URF တို့မှ ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။