စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နည်းပညာတက္ကသိုလ်(GTC)တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force – Monywa က သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၄ရက်နေ့၊ မွန်းလွဲ၁နာရီခန့်က မုံရွာ-ဗောဓိတစ်ထောင်လမ်းပေါ်ရှိ မုံရွာGTCတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို သွားရောက်ပစ်ခတ်ရာ ၆မိနစ်ခန့် အပြန်အလှန်ထိတွေ့မှုဖြစ်ခဲ့ပြီး ဂိတ်ပေါက်ရှိ စစ်သား၄ဦးအနက် ၃ဦးသေဆုံးခဲ့ကြောင်းသိရသည်။
“ အင်းအားကတော့ ၅၀နဲ့၆၀ကြားမှာ ရှိတယ်ဗျ။
အဲ့မှာအထိုင်ချတာက အနီးဝန်းကျင်ကို စစ်ကြောင်းထိုးရင် အဲ့ကလည်းထွက်တယ်” ဟုGolden Eagle Force – Monywaအဖွဲ့မှ ရဲဘော်လင်းယုန်က MPA သို့ပြောသည်။
PDFရဲဘော်များသည် GTC ကျောင်းထိပ်နားသို့ ကားဖြင့်ရောက်လာကာ လျှပ်တစ်ပြက် တိုက်ခိုက်ပြီး နောက် ကားဖြင့် ပြန်လည်ထွက်ခွာသွားခြင်းဖြစ်သည်။
ကျောင်းဝန်းအတွင်းရှိ သုံးထပ်တိုက်ပေါ်မှ စစ်သားများက ပြန်လည်ပစ်ခတ်ခဲ့ရာ PDF ရဲ ဘော်တစ်ဦး ဦးခေါင်းထိမှန်ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Golden Eagle Force – Monywa၊ Red Star Front- ကြယ်နီတပ်ဦး(PLA)၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ God of Monywa People Defense Forceနှင့် တောကျဲကြီးပြောက်ကျားတပ်ဖွဲ့တို့ ပူပေါင်းဆင်နွှဲခဲ့ကြောင်းသိရှိရသည်။
စစ်သားများသေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။