စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊သာစည်ထောင်မှ အကျဉ်းသားများ ထွက်ပြေးမှုဖြစ်ပွားခဲ့သဖြင့် နေပြည်တော်က တာဝန်ရှိသူများကိုယ်တိုင် ကိုင်တွယ်စစ်ဆေးနေကြောင်း အမည်မဖော်လိုသူ ရဲမှူးကြီးတစ်ဦးက ပြောသည်။
ဇွန်လ ၁၃ရက်နေ့၊ညနေပိုင်းက မုံရွာမြို့၊သာစည်ထောင်မှ တရားရုံးထွက်ပြီး ပြန်ဝင်လာသည့် အကျဉ်းသားများ ထွက်ပြေးသွားခြင်းဖြစ်ပြီး လွတ်မြောက်သွားသည့် အကျဉ်းသားစာရင်းကို တိတိကျကျမထုတ်ပြန်သေးကြောင်း ၎င်းက ပြောသည်။
“ နေပြည်တော်က ကိုယ်တိုင် ဆင်းပြီးစစ်ဆေးနေတာပေါ့။တောင်ငူထောင်က ဖြစ်စဉ်လိုမျိုးပါပဲ။ဂဃနဏတော့ မထုတ်ပြန်သေးဘူး။ရဲကြေးနန်းစာကိုလည်း တင်ပြလာတာမရှိဘူး” ဟု ၎င်းကပြောသည်။
သာစည်ထောင်မှထွက်ပြေးသွားသည့်သတင်းနှင့် ပတ်သက်ပြီး တိတိကျကျ သတင်းမရသေးကြောင်း နှင့် စုံစမ်းလျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ သတင်းက ခပ်သဲ့သဲ့ပါပဲ။လက်ဆုပ်လက်ကိုင်ပြလို့ရမယ့် အရာကို မရသေးလို့ အတည်ပြုနေဆဲပါ” ဟု ၎င်းကပြောသည်။
သာစည်ထောင်သည် မုံရွာမြို့နှင့် ၁၆မိုင်ကျော်ဝေးပြီး ဇွန်လ၁၂ရက်တွင်PDFက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် ခဲ့သည့် အမှတ်(၅၀၈)အမြောက်တပ်နှင့် တစ်လမ်းကြောတည်းဖြစ်ကြောင်း မုံရွာမြို့တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။
“သာစည်ထောင်က သာစည်ရွာမှာရှိတာ။မုံရွာမြို့ပေါ်နဲ့လှမ်းလို့လားတော့မသိဘူး။အကျဉ်းသားတွေ ပြေးတယ်လို့ မကြားမိဘူး။အမြောက်တပ်က ကျောက်စစ်ပုံရွာမှာရှိတယ်။ကျောက်စစ်ပုံကနေ ဆက်သွားမှ သာစည်ကိုရောက်တယ်။ကျောက်စစ်ပုံနဲ့သာစည်နဲ့က ၁၀မိုင်ကျော်လောက် ဝေးတယ်”ဟု ၎င်းကပြောသည်။
မေလ ၁၈ရက်နေ့က တောင်ငူထောင်ရှိ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးက သေနတ်၄လက်လုယူ ထွက်ပြေးခဲ့ပြီး တစ်ဦးသေဆုံးကာ ၉ဦးလွတ်မြောက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
လက်ရှိတွင် နိုင်ငံတဝန်းမှ အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းသားအခွင့်အရေး ချိုးဖောက်ကာ ဖိနှိပ်ရိုက်နှက်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။