မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျော) မှ ဦးစီး၍ စစ်ဘေးရှောင်ကလေးများအား NUG ၏ ပညာရေးစနစ်နှင့်အညီ ပညာသင်ကြားပေးနေကြောင်း သိရသည်။
“မူလတန်းကနေ အထက်တန်းအထိ ပညာသင်ကြားပေးပါတယ်ခင်ဗျ။ CDM ကျောင်းဆရာ၊ ဆရာမတွေနဲ့ပဲ သင်ကြားတာဖြစ်လို့ သင်ကြားရေးပိုင်းမှာ အခက်အခဲမရှိပါဘူး။ ကလေးငယ်တွေအတွက် သင်ထောက်ကူပစ္စည်းတွေပဲ လိုအပ်တာပါ”ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ကျော) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးမေတ္တာက MPA သို့ ပြောသည်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် ကျောမြို့နယ် ကပစ ၂၃ အခြေစိုက်ရာ စစ်ကောင်စီနယ်မြေအတွင်းတွင်ရှိသည့် ကန့်သက်ကျေးရွာမှ ပြည်သူများဖြစ်ပြီး စစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် ယခုကဲ့သို့ နေရပ်စွန့်ခွာလာခဲ့ကြရခြင်း ဖြစ်သည်ဟု သိရသည်။
“စစ်ဘေးရှောင်တွေအနေနဲ့ မိုးရာသီရောက်တော့မှာ ဖြစ်တဲ့အတွက် မိုးတွင်းရိက္ခာအတွက် စိုးရိမ်ရပြီး အဓိက လိုအပ်တာကတော့ ဆန်၊ ဆီနဲ့ မိုးကာအများစုဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
စစ်ဘေးရှောင်ပြည်သူများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျော) က တာဝန်ယူထားပြီး ကျန်းမာရေးအတွက်လည်း ကျန်းမာရေးဆေးပေးခန်းများ ဖွင့်လှစ်ပေးထားသည်ဟု သိရသည်။
“တာဝန်ယူရတဲ့အပိုင်းမှာ အခက်အခဲကတော့ အာဏာရှင်ကို တော်လှန်ရင်း ကျွန်တော်တို့ ရင်ခွင်ထဲဝင်လာတဲ့ စစ်ဘေးရှောင်ပြည်သူလူထုကို စောင့်ရှောက်ရတဲ့အခါ လိုအပ်တာထက် ရှေ့မရောက်တာပေါ့ဗျာ။ ရာခိုင်နှုန်းအားဖြင့် ၅၀/၅၀ ခွဲဝေသုံးစွဲရတာပေါ့”ဟု ကိုနွေဦးမေတ္တာက ရှင်းပြသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၃၃၂ ဦးရှိပြီး ကျောင်းသူကျောင်းသားအရေအတွက် ၄၀ ဝန်းကျင်ရှိသည်ဟု စုံစမ်းသိရှိရသည်။