ကယား(ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်စခန်း ၄ ခုအား ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်နေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ် က ပြောသည်။
ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က စတင်ပြီး ကယား (ကရင်နီ) ပြည်နယ်၊ မယ်စဲ့မြို့နယ်၊ မယ်စဲ့မြို့မ ရဲစခန်းအား ဒေသခံတော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်အောင်မြင်ခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ မယ်စဲ့စခန်းတော့ ကျသွားပြီ။ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ ဝင်တိုက်လိုက်တာ။ အခုတော့ စခန်းမှာ ဘယ်သူမှမရှိဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်သွားပြီ။ လက်နက်ကြီးကတော့ တရစပ်ပစ်နေတာပဲ။ ရဟတ်ယာဉ် တစ်စီးနဲ့ပစ်နေတာ။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို မနေ့ကကြေညာပြီးတော့ ဒီနေ့ စတိုက်တာပါ” ဟု ၎င်းက ပြောသည်။
ကယား (ကရင်နီ)ပြည်နယ်ရှိ ယနေ့တိုက်ပွဲဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး KNDFတပ်ဖွဲ့ဝင်တစ်ဦးအား မေးမြန်းရာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြင့် စစ်ကောင်စီတပ်စခန်း ၄ ခုအား တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှ အကျအဆုံး များပြားကြောင်း MPA သို့ ပြောသည်။
“ မယ်စဲ့ တောင်လှ စစ်ဆင်ရေးရဲစခန်းကို KA/KNDF/PDFနဲ့ EAOs တွေပူးပေါင်းပြီး သိမ်းပိုက်ရရှိပါပြီ။ BP 13 နဲ့ 14 မှာတော့ တိုက်ပွဲဖြစ်နေသေးတယ်။ တောင်လှရဲစခန်းအပါအဝင် BP 14 ကုန်း 13 ကုန်းကို စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေတယ်။ တိုက်ပွဲက ပြင်းထန်နေသေးလို့ အသေးစိတ်ပြောလို့ မရသေးဘူး။ နောက်ပိုင်း ထုတ်ပြန်ပါ့မယ်” ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ရှိတွင် ကရင်နီပြည်နယ်၊ သံလွင်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် တောင်လ စခန်း၊ မယ်တနွယ်၊ BP-14 စခန်းကုန်းများတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။