စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ရှိ ဘိုတဲကုန်းရွာကို မနေ့က ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာကာ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။
အာဏာသိမ်း စစ်ကောင်စီတပ်မှ ဇွန်လ ပထမအပတ်ထဲတွင် ကျေးရွာများတွင် တပ်ချပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာများကိုလည်း အရင်ကထက် မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရပါသည်။
“အရင်ရက်က သူတို့က ထန်းကုန်းရွာမှာ တပ်ချထားတာ ဇွန်လ ၁၀ ရက်နေ့က မနက် ၇နာရီကျော်လောက်မှ ကျွန်တော်တို့ရွာထဲဝင်လာပြီး ပစ်ခတ်တာ။ ၁၀နာရီလောက်ကျတော့ ရွာကိုမီးရှို့ဖျက်ဆီးကော။ ချပ်သင်း တိုက်နယ်က ကျွန်တော် ဦးလေးဖြစ်တဲ့ ဦးသိန်းဝင်းကို ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ပင့်သာကြီးရွာက ပြည်သူတစ်ဦးကိုလည်း လမ်းပြအဖြစ် ခေါ်ဆောင်သွားတယ်”ဟု ထန်းကုန်းရွာက ကိုဖိုးခွားဆိုသူက ပြောပါသည်။
“ စစ်ကောင်စီကော ပျူစောထီးကော အင်အား ၁၀၀ခန့်လောက်ရှိတာ သူတို့က ရွာကိုမီးရှို့ဖျက်ဆီးပြီး ညနေအထိစခန်းချနေတုန်းဆိုတော့ ရွာထဲလည်း ပြန်မသွားရဲဘူးလေ။ အိမ်ခြေဘယ်လောက် ကုန်ပြီလဲ မသိရသေးဘူး။ ရွာထဲက လူတစ်ချို့လည်း အခုစစ်ဘေးရှောင်စခန်းမှာ မတွေ့တော့ သူတို့တွေကော ဘယ်ရောက်နေမှန်း မသိဘူး “ ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးက MPA သို့ပြောသည်။
ဇွန်လ ၉ ရက် ညနေ ၅နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ညောင်ပင်ကြီးရွာမှာရှိသည့် ရဲစခန်းကို ဝင်ရောင် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရွာရှိ ပြည်သူ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ည ၁၀ နာရီခန့်တွင်လည်း မြစ်ကမ်းဘေးရှိ နေအိမ်များကိုမီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။
အာဏာသိမ်း စစ်ကောင်စီသည် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကြောင်းများ မကြာခဏထိုးပြီ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခက်ခြင်းကြောင့် အပစ်မဲ့ပြည်သူများ သောင်းချီ စစ်ဘေးရှောင်နေရကြောင်း၊ ထို့အပြင် ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက် ပြုလုပ်လျက်ရှိသည့်အပြင် ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူလုယက်ခြင်း၊ ဘုန်းကြီးကျောင်းများတွင် တပ်ဆွဲပြီး ကင်းပုန်းများချထားခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။
စာတည်း- AHL