ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ KNU – ကော်သူလေး အုပ်ချုပ်နယ်မြေရှိ ကမိုင်ကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MPA ၏ သတင်းရင်းမြစ်ထံမှ သိရသည်။
ဇွန်လ ၉ ရက်၊ ည ၉ နာရီ ၃၀ မိနစ်ခန့်၌ စစ်ကောင်စီ၏ လှိုင်ဝအမြောက်တပ်မှ ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ လက်နက်ကြီးကျည်များသည် ကမိုင်ကုန်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာတွင်နေထိုင်သော ဒေသခံပြည်သူ (၃) ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ စကစ အမြောက်တပ်က ရမ်းပစ်လို့ ကျေးရွာနေ ဒေါ်မှူးလုံး (၄၂) နှစ်မှာ ညာဘက်နားထင် ပြင်းထန်ဒဏ်ရာရခဲ့တယ်။ ကျော်မင်းထွန်း (၃၂) နှစ်မှာ ဘယ်ဘက်ဝမ်းဗိုက် ဒဏ်ရာနဲ့ နန်းစမှူးသန်း (၂၉) နှစ်မှာ ဘယ်ဘက်ပေါင် ဒဏ်ရာတို့ ရခဲ့ပါတယ် ” ဟု ဒူးပလာခရိုင်သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
ထို့အပြင် ၂၀၂၃ ခုနှစ်၊ မေလ၊ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ ခလရ (၉၇) အမြောက်တပ်မှ လက်နက်ကြီး ၁၂၀ မမ ဖြင့် အကြိမ်ရေ (၄၀) ခန့် ပစ်ခတ်ခဲ့မှုကြောင့် ကမိုင်ကုန်းကျေးရွာနေ ပြည်သူ (၂) ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တယ်။ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်တော့ ပြည်သူတွေ သေဆုံး၊ ထိခိုက်ကြရတယ်။ အိုးအိမ်တွေ ပျက်စီးတယ်။ ပြည်သူတချို့မှာ နေဖို့တောင် အိမ်မရှိတော့ဘူး” ဟု ဒူးပလာခရိုင်သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောသည်။
အဆိုပါ ကမိုင်ကုန်းကျေးရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီမှ ယခုကဲ့လို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်နေကြရပြီး ရွာထဲတွင် မဖြစ်မနေအခြေအနေများကြောင့် နေထိုင်ကြရသည့် ဒေသခံပြည်သူအချို့သာ ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။