စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ စစ်ကောင်စီတပ်စခန်းများမှ ကလေးမြို့တောင်ပိုင်းသို့ လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်နေသည့်အတွက် တောင်ပိုင်းကျေးရွာများမှ စပါးစိုက်တောင်သူများ ယခုအချိန်ထိ လယ်ယာမြေလုပ်ငန်းခွင်သို့ မဝင်ရောက်နိုင်သေးကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်ကောင်စီမှ ကလေးမြို့တောင်ပိုင်းသို့ မေလကုန်ပိုင်းမှစ၍ ယခုဇွန်လအထိ နေ့စဥ်လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့်အတွက် ရေလဲဦး၊ ပေါက်ခုံ၊ ချင်းဆိုင်၊ ဇင်းကလင်း၊ မြို့ကြီးကုန်းနှင့် ထိုမာရွာများမှ စပါးစိုက်တောင်သူများ လယ်ယာမြေသို့ မဝင်ရောက်နိုင်ဘဲ ဖြစ်နေရသည်ဟုဆိုသည်။
“မိုးဦးကျရင် လယ်ယာခွင်ဝင်ကြရတာလေ။ ထယ်တစ်စပ်တော့ မောင်းထားကြဖို့ အချိန်သင့်ပြီ။ ခွေး (စစ်ကောင်စီ) တွေက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ တောထဲ ဘယ်သူမှ မသွားရဲကြသေးဘူး။ မထင်ရင် မထင်သလိုကို ထုနေတာ”ဟု ဒေသခံစပါးစိုက်တောင်သူတစ်ဦးက MPA သို့ ပြောသည်။
ကလေးတောင်ပိုင်းဒေသများသည် လယ်ယာမြေလုပ်ကွက်ကျယ်ပြန့်သည့် ဒေသများဖြစ်ပြီး စိုက်ပျိုးရေးကိုအားထား၍ စီးပွားလုပ်ကိုင်ကြသည့်အတွက် ယခုလို စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်နေမှုကြောင့် များစွာစိတ်ဓာတ်ကျနေကြရသည်ဟု သိရသည်။
“ဒကစ၊ ၂၂၈၊ အဖွဲ့စက် (ဒေသအခေါ်) တွေက အထုများတယ်။ အကြောက်တရားနဲ့ စိတ်မလုံခြုံမှုတွေ ခံစားနေရတာပေါ့။ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိဘူး။ GTC နဲ့ ဇင်းကလင်းဘက် တပ်စွဲထားတဲ့ နေရာတွေကလည်း မထင်ရင်မထင်သလို ထုသေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်ကလည်း ကလေးမြို့ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) မှ လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် ရေလဲဦးရွာမှ စစ်ဘေးရှောင်နေသည့် အသက် ၅၀ အရွယ် မလှဆိုသူ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။