ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် ဖမ်းဆီးခံရသည့် ကလေးမြို့ သပိတ်အဖွဲ့ဝင်များအနေဖြင့် ဆိုးရွားသည့် စစ်ကြောရေးဖြင့် ရင်ဆိုင်ရပြီးနောက် လက်ရှိ ကလေး အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးကုသခွင့်လည်း မရရှိဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။
ကလေးမြို့ သပိတ်အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့၌ အတာသင်္ကြန်ရေအိုးများဖြင့် ဆန္ဒပြနေစဥ် သတင်းပေးများကြောင့် ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကလေးအကျဉ်းထောင်တွင် သပိတ်အဖွဲ့ဝင်လေးဦးဖြစ်သည့် ကိုသန်းစိုးဦး၊ မကျင်ဒိတ်ကင်၊ မအိစံနှင့် ကိုမျိုးကိုဝင်းတို့ လေးဦးအနေဖြင့် စစ်ကြောရေးတွင် ဆိုးရွားစွာ ရိုက်နှက် နှိပ်စက်ခံထားရသည်ဟု ဆိုသည်။
စစ်ကောင်စီသည် ယင်း သပိတ်အဖွဲ့ဝင်လေးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-(က) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ထားပြီး နောက်ထပ် ၃ လ မြောက်တွင်လည်း အကြမ်းဖက်ပုဒ်မများဖြင့် ထပ်မံရင်ဆိုင်ရဖွယ် ရှိနေကြောင်းလည်း နီးစပ်သူများထံမှ သိရသည်။
စစ်ကောင်စီသည် ဖမ်းဆီးထားသည့် သပိတ်အဖွဲ့ဝင်များကို မိသားစုရှေ့တွင်ပင် နှိပ်စက်ပြခြင်းများပြုလုပ်ပြီး ကျောက်စရစ်ခဲများပေါ် ဒူးထောက်ခိုင်းခြင်း၊ သံပိုက်လုံးများနှင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်း စသည့် ပြင်းထန်သည့် နည်းများဖြင့် စစ်ကြောရေးတွင် ပြုလုပ်ခဲ့သည်ဟုလည်း စုံစမ်းသိရှိရသည်။
“၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ယနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုတို့ကျူးလွန်နေတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် လူမဆန်တဲ့လုပ်ရပ်တွေအပေါ် အရေးယူမှုအပေါ် ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေကို အမြန်ဆုံးချမှတ်ပေးဖို့နှင့်အတူ လက်နက်မဲ့ လူထုလှုပ်ရှားမှုအပေါ် အကြမ်းဖက်နှိပ်ကွပ်ဖိနှီပ်နေတဲ့ စစ်အုပ်စုအပေါ် ဘယ်လိုနည်းနဲ့မှ ခွင့်လွတ်ဖို့အကြောင်းအရာမရှိပါ”ဟု ကလေးမြို့နယ် သပိတ်ကော်မတီ အဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။
ထို့အပြင် မြန်မာပြည်တဝန်း မတရားနှိပ်စက်ဖမ်းဆီးချူပ်နှောင်ခံထားရသည့် ကျောင်းသား၊ ပြည်သူများအပေါ်နိုင်ငံတကာအနေနှင့် မျက်ခြက်မပြတ် အာရုံစိုက်ပြီး စောင့်ကြည့် ရပ်တည်ပေးရန်လည်း ၎င်းက ဆက်လက်တောင်းဆိုသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ လက်ရှိအထိ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၆၄၉) ဦး ရှိခဲ့ပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့တွင် ထုတ်ပြန်အသိပေးထားသည်။
ထို့အပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၂၉၉) ဦးရှိပြီး ထိုထဲမှ (၁၈၉၆၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၃၃၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပြီး ဇွန်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၆) ဦးရှိပြီဖြစ်သည်ဟု သိရှိရသည်။
လက်ရှိတွင် မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၈) ဦးရှိနေပြီဖြစ်ကာ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေအနေဖြင့် (၄၃၃၁) ဦး ရှိသည်ဟုဆိုသည်။