စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာအထွက်၌ စစ်ကောင်စီစစ်ကြောင်းကို သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၉ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိကြောင်း Chindwin Toe Na Yar PDFထံက သိရသည်။
ယနေ့(ဇွန်၉ရက်) နံနက် ၅နာရီ ၅မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်မှ လာသော စစ်ကောင်စီစစ်ကြောင်းကို ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာအထွက် အမှတ်(၉)ဆည်မြောင်းနား၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Chindwin Toe Na Yar PDFက သတင်းထုတ်ပြန်သည်။
“ အင်အား ၁၅၀လောက်ရှိမယ်ဗျ။ ကြိုပြီးသတင်းရလို့ ညမအိပ်ဘဲ ကင်းလှည့်စောင့်ကြည့်နေတာ။ ထွက်လာတာနဲ့ တိုက်တာဗျ။ စနိုက်ပါရယ်၊ တစ်ဖက်ပွင့်မိုင်းစာရယ်မိပြီး စစ်သား၉ဦးသေတယ်။ ၆ယောက်ဒဏ်ရာရတယ်” ဟု Chindwin Toe Na Yar PDFအဖွဲ့မှ တာဝန်ရှိသူတဦးက MPAသို့ပြောသည်။
၁နာရီခွဲခန့် ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDFရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
လတ်တလောသတင်းများအရ ယင်းစစ်ကြောင်းသည် ပုလဲမြို့နယ်၊ မုံကြိုင်းရွာ ဘုန်းကြီးကျောင်းထဲ၌ ဝင်ရောက်နားခိုနေကြောင်း ၎င်းကပြောသည်။
စစ်သားများသေဆုံး၊ ဒဏ်ရာရခြင်းအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။