ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ်ရှိ ရွာတန်းရှည် ကျေးရွာတွင် အာဏာသိမ်း စစ်ကောင်စီ၏ လှိုင်၀ အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခက်မှုကြောင့် မိသားစုတစ်စု ထိမှန်ပြီး ကလေးငယ်တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ဇွန်လ ၇ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ကော့ကရိတ်မြို့ ရွာတန်းရှည်ရွာ ဒူးပလာယာခရိုင် တပ်မဟာ ၆ အတွင်းကို စစ်ကောင်စီက ၁၂၀ မမ လက်နက်ကြီး ၂ လုံးနှင့် ပစ်ခတ်ခဲ့ကာ ရွာတွင်း အိမ်တစ်လုံးရှေ့သို့ ကျရောက်ခဲ့ကြောင်း၊ ယင်းလက်နက်ကြီးကျခဲ့သည့် နေအိမ်မှာ အသက် ၄ နှစ်အရွယ် မနန်းရေဝတီနှင့် အမေဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်တပိ တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ သားဖြစ်သူ အသက် ၁၂ နှစ် အရွယ် မောင်စောကျော်သန်းအောင်သည် ကျည်ထိမှန်သေဆုံးသွားခဲ့ကြောင်း ကော့ကရိတ်စစ်ဘေးရှောင် ကူညီရေးက တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောပါသည်။
“ကလေးက ကံဆိုးတာ ရင်ဘက်တည့်တည့်ကို အစမှန်ပြီး အဲ့နေရာမှာဘဲ ပွဲချင်းပြီး ဆုံးတာ ကလေးမလေးကတော့ ပါးစပ်နားလေး ထိပြီးပြဲသွားတာ အမေဖြစ်သူကတော့ ဘယ်ဘက်ပေါင်နဲ့ ဘယ်ဘက်နားထင် ကျည်စထိမှန်သွားတယ်။ စိုးရိမ်ရတဲ့ အခြေအနေပေါ့။” ဟု ၎င်းကပြောသည်။
လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း မရှိသော်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကြောင့် ပြည်သူများမှာ သွားသွား၊ လာလာ မလုပ်ရဲကြကြောင်း စစ်ဘေးရှောင် ပြည်သူတစ်ဦးထံမှ သိရသည်။
“ အခုက ကျောင်းဖွင့်ချိန်ဆိုတော့ ကျောင်းတက်နေတဲ့ ကလေးတွေဆို မတက်ရဲလို့ ကျောင်းတွေ ပိတ်ထားရတယ်။ လယ်သမားတွေဆိုလည်း လယ်ထဲမဆင်းရဲဘူး။ အခက်တွေ့တာပေါ့ မိသားစု စားဝတ်နေရေး ကလေးတွေ ပညာရေးကော အကုန်အခက်တွေ့နေတာပါ။ အခုပစ်ခတ်မှုဆို စာသင်ကျောင်းနဲ့ သိပ်မဝေးဘူး စာသင်ကျောင်းကိုဘဲ ရည်ရွယ်ချက် ရှိရှိနဲ့ ပစ်တယ်လို့တော့ ငါထင်တယ်” ဟု ဒေသခံ စစ်ဘေးရှောင်မှ ဦးမင်းနိုင် ဆိုသူက ပြောပါသည်။
KNU ဘက်မှလည်း စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူလူထုအပေါ် လုပ်ဆောင်နေမှုများသည် လူ့အခွင့်အရေးချိုးဖောက်ရုံ သာမက ပြည်သူပိုင် အိုးအိမ်နှင့် အသက်ပေါင်းများစွာကိုပါ ဖျက်ဆီးနေကြောင်း ထုတ်ပြန်ထားပါသည်။