မန္တလေးတိုင်း၊ မြင်းခြံထောင်တွင်းရှိ ထောင်ပိုင်ကြီးရုံးခန်းထဲ ခေါ်ယူကာ စစ်ဆေးမေးမြန်း နှိပ်စက်ခံရ သည့် နိုင်ငံရေး အကျဥ်းသား ၇၀ခန့်ရှိကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ပြည်သူ့အင်အားများ ချိတ်ဆက်ညှိ နှိုင်းရေးကော်မတီ(မန္တလေး)က ထုတ်ပြန်လိုက်သည်။
ထို့အပြင် ထောင်တွင်း အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ထုတ်ဖော်ပြောဆိုသည့် နိုင်ငံရေးအကျဥ်းသားများကို ထောင်မကြီးဘက်သို့ခေါ်ဆောင်သွားကာ လက်ထိပ်နောက်ပြန်ခတ်၊ မျက်နှာအဝတ်စည်းပြီး ညှင်းဆဲရိုက်နှက်မှုများလည်းဖြစ်ပွားနေကြောင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ အမှားသေးသေးလေးလုပ်တာနဲ့ နိုင်ငံရေးအကျဥ်းသားဆိုရင် သူတို့ကို ထောင်ပိုင်ရုံးခန်းထဲမှာ လက်ထိပ်နောက်ပြန်ခတ်ပြီးမျက်နှာကိုအဝတ်စည်းပြီးရိုက်တာမျိုးတွေရေနဲ့ပက်ပြီးကျဥ်စက်နဲ့တို့တာမျိုးတွေလုပ်နေတယ်လို့သိရတယ်” ဟု မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုရှင်းသန့်ကပြောသည်။
မြင်းခြံထောင်တွင်းမှ နိုင်ငံရေးအကျဥ်းသား ၁၃ဦးကိုလည်းမေလ ၂၁ရက်နေ့နှင့်၂၂ရက်နေ့တို့တွင် မြင်းခြံမြို့ခမရ (၁၅)တပ် စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်ကာ လူမဆန်စွာရိုက်နှက်ညှင်းပန်းနှိပ်စက်စစ်မေးခဲ့သည်ဟုသိရသည်။
မြင်းခြံမြို့ခမရ (၁၅)တပ် စစ်ကြောရေးစခန်းရိုက်နှက်စစ်ဆေးခံရသည့်နိုင်ငံရေးအကျဥ်းသားကိုစိုးရာဇာထွန်းလွင်သည် ခန္ဓာကိုယ်အနှံ့ ဓားမွှန်းဒါဏ်ရာများရရှိထားသည့်အပြင် သွားများကျွတ်သည်အထိ နှိပ်စက်ခံထားရပြီးအသက် အန္တရာယ်စိုးရိမ်ရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိ နှိုင်းရေးကော်မတီ(မန္တလေး)ကထုတ်ပြန်ထားသည်။
မြင်းခြံထောင်တွင်း နှိပ်စက်ခံရ၍ ဒဏ်ရာရရှိသော နိုင်ငံရေးအကျဉ်းသားများကိုလည်း ဆေးကုသ ခွင့် မပေးပေ။
မြင်းခြံထောင်၌ စစ်အာဏာရှင်က ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိ နှိုင်းရေးကော်မတီ(မန္တလေး)ကထုတ်ပြန်သည်။