မြန်မာနိုင်ငံရှိ တရားရုံးများတွင် ရှေ့နေများအား ခြိမ်းခြောက်မှုများရှိကြောင်း လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။
စစ်ကောင်စီလက်အောက်ခံ တရားရုံးများ၌ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် မြန်မာရှေ့နေများအား အာဏာပိုင်များမှ အနှောင့်အယှက်များပေးခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ထောင်ချခြင်းတို့အထိ ရှိနေကြောင်း သိရသည်။
စစ်ကောင်စီသည် ရှေ့နေများအပေါ် အတားအဆီးများနှင့် ကန့်သတ်ချက်များ စနစ်တကျချမှတ်ကာ ရှေ့နေများ၏ လုပ်ဆောင်မှုများကို အဟန့်အတားဖြစ်အောင် ပြုလုပ်ထားသည့်အပြင် နိုင်ငံရေးအရ ထိလွယ်ရှလွယ်သော အမှုများအတွက် တရားမျှတသော တရားစီရင်ပိုင်ခွင့်ကို ချိုးဖောက်မှုများ ပြုလုပ်လျက် ရှိသည်ဟု လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က အသိပေးထားသည်။
“ဒေါ်ရွက်နုအောင်အမှုပဲကြည့်လေ။ သူက သူ့အလုပ်ကို သူလုပ်တာ။ တရားဥပဒေဘောင်အတွင်းကပဲ သူ့ရဲ့ အမှုသည်ကို ကာကွယ်ပေးတဲ့သူ။ ဒါပေမယ့် စစ်တပ်က သူတို့စိတ်ကြိုက်အမှုတွေဖန်တီးပြီး ထောင်ချတာပဲ။ တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆိုတဲ့ဟာက ဒီနိုင်ငံမှာ ကျင့်သုံးလို့ရတဲ့ အရာမဟုတ်ဘူး။ အရင်ကလည်း တရားဥပဒေအထက်မှာ တစ်စုံတစ်ယောက် တစ်စုံတစ်ခုကရှိနေခဲ့တာ။ အခုကတော့ စစ်ကောင်စီ အလိုကျဆိုတော့ တရားဥပဒေက ဖြစ်ချင်တိုင်းဖြစ်နေတာပါ။ ကျွန်တော်တို့ ရှေ့နေတွေကတော့ ကိုယ့်အမှုသည်ကို ကိုယ်ကာကွယ်ရမှာ ဖြစ်တဲ့အတွက် သူတို့ ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် ဆက်လုပ်နေမှာပါပဲ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ရှေ့နေတစ်ဦးက ပြောသည်။
တရားလွှတ်တော်ရှေ့နေနှင့် လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်သည့် ဒေါ်ရွက်နုအောင်အား စစ်ကောင်စီမှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံထားရသည်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်သည် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် NLD ပါတီဝင်များ၏ အမှုများအား လိုက်ပါဆောင်ရွက်ပေးခဲ့စဉ် ရုံးချိန်းတစ်ခုမှ အပြန် ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။
“တရားခွင်မှာဆိုရင် ကိုယ့်အမှုသည်ကိုလည်း ကာကွယ်ရတယ်။ ကိုယ်တိုင်ဖမ်းဆီးခံရမှာကို စိုးရိမ်နေရတာမျိုး ရှိတယ်။ ရှေ့နေအလုပ်က ကိုယ်ဘယ်သူဆိုတာကို လူတိုင်းလွယ်လွယ်သိတဲ့ အလုပ်တစ်ခုဆိုတော့ တရားရုံးက လူတိုင်းက ကိုယ်ဘယ်သူဘယ်ဝါဆိုတာကို သိကြတယ်။ စစ်ကောင်စီက သူတို့ဆန္ဒရှိသလို အကြောင်းပြချက်တွေ ဖန်တီးပြီး ဖမ်းဆီးနိုင်တဲ့အတွက် အစစအရာရာတော့ သတိရှိရတာပေါ့”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။
လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေတစ်ဦးကလည်း လက်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် ၎င်းလိုက်ပါဆောင်ရွက်ပေးနေသည့် နိုင်ငံတော်အမှုများအတွက် အမှုသည်အား အာမခံဖြင့် လွတ်အောင် လုပ်၍မရကြောင်းနှင့် ကြားနာမှုမစခင်အချိန်တွင်ပင် အမှုသည်နှင့် သီးခြားတွေ့ဆုံခွင်များ မရဘဲ တားမြစ်ခံရကြောင်း ပြောသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ စတင်ကာ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူပေါင်း (၂၃,၂၈၃) ဦးအထိ ရှိကြောင်း သိရသည်။
ယင်းစာရင်းများထဲမှ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၁၂၁ ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ ၁၅၈ ဦးရှိကာ ၎င်းတို့အထဲအတွင် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်တို့ ပါဝင်သည်။