ကိုးကန့်ဒေသတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိကြောင်း ကိုးကန့်တပ်မတော် (MNDAA) မှ ဇွန်လ ၆ ရက်နေ့ ရက်စွဲဖြင့် ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့မှ စတင်ကာ ယမန်နေ့ ဇွန်လ ၆ ရက်နေ့အထိ ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့ကာ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းကလည်း ကိုးကန့်တပ်မတော်၏ တပ်မဟာ ၅၁၁ ဘက်သို့ စစ်ကောင်စီမှ စတင်ပစ်ခတ်ခဲ့သည့်အတွက် နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ခဲ့ကြောင်း သိရသည်။
အင်အား ၇၀ ကျော်ရှိသည့် စစ်ကောင်စီတပ်မှ စစ်ကား ၆ စီးဖြင့် အင်အားတိုးရန် ကြာကျည်ရှူကျေးရွာသို့ ရောက်ရှိလာခဲ့ကာ ဇွန်လ ၄ ရက်နှင့် ၅ ရက်တို့တွင် စစ်ကောင်စီမှ ထိုးစစ်စတင်သဖြင့် ကိုးကန့်တပ်မတော်မှ မဖြစ်မနေ ခုခံကာကွယ်ခဲ့ရသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားခဲ့ရကြောင်း ကိုးကန့်တပ်မတော် သတင်းပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကာ ထိုနှစ်ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အယောက် ၂၀ ထိခိုက်သေဆုံးခဲ့သည့်အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ဆိုသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ကိုးကန့် (MNDAA) ၏ တာဝန်ရှိသူထံ MPA မှ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းလိုင်း အဆင်မပြေမှုကြောင့် ဆက်သွယ်၍ မရခဲ့ပေ။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် စစ်ကောင်စီနှင့် ဆွေးနွေးပွဲတစ်ရပ်ကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုင်းလားဒေသတွင် ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရှိခဲ့သည့်အတွက် ရပ်တန့်ခဲ့သည်။
ဆွေးနွေးပွဲ စတင်ခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ စစ်ကောင်စီဘက်သည် ကိုးကန့်ဒေသသို့ အင်အားတိုးချဲ့ရန် ဝင်ရောက်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဒေသများသို့ ထိုးစစ်ဆင်ခဲ့သည့်အပြင် လက်ရှိအချိန်တွင်လည်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ကိုးကန့် (MNDAA) ၏ တပ်စခန်းများသို့ ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု သိရှိရသည်။