ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ၁၁ရက်တာအတွင်း ပြည်သူ ၈ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
ဇွန်လ ၆ရက်နေ့၊မွန်းလွဲ ၃နာရီ၁၀မိနစ်က စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးဗြဲမြို့တွင်းနေ ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး မြို့ပြင်တွင်လည်း စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း မိုးဗြဲမြို့ရှိ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
“ မနေ့ကတစ်ရက်တည်းမှာတင် ပြည်သူ ၃ဦးသေတယ်။အဲ့ပြည်သူ ၃ဦးက ဘာတော်လှန်ရေးမှ မလုပ်တဲ့သူတွေပါ။နေ့လည် ၃နာရီလောက်က လက်နက်ကြီးထိပြီး ၃၉နှစ်အရွယ် အမျိုးသားတစ်ဦး သေတယ်။အဲ့ဒါက အလောင်းရလိုက်တယ်။မြို့ပြင်က အလောင်းကျ စစ်တပ်ရှိလို့ သွားမယူနိုင်ခဲ့ဘူး” ဟု ၎င်းကပြောသည်။
မေလ ၂၇ရက်နေ့မှ ဇွန်လ ၆ရက်နေ့အထိ စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် သေဆုံးခဲ့သည့် ပြည်သူ ၈ဦးထက်မနည်းတွင် အသက်မပြည့်သေးသည့် ကလေးငယ်များလည်း ပါဝင်ကြောင်း မိုးဗြဲတိုက်ပွဲအတွင်းပါဝင်တိုက်ခိုက်နေသည့် KA ရဲဘော်တစ်ဦးက ပြောသည်။
“ မေလ ၂၇ရက်နေ့က စည်ကား ၃ရပ်ကွက်က ကလေးမလေးသေသွားတယ်။လက်နက်ကြီးထိတာပေါ့။ကလေးမလေးက ၃နှစ် ၅လပဲရှိသေးတယ်။ဇွန်လ ၅ရက်နေ့ကလည်း လက်နက်ကြီးထိလို့ ၁၀နှစ်သား ကောင်လေးဆုံးသေးတယ်။ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မေလအတွင်း ကယား(ကရင်နီ)ပြည်နယ်နှင့် ရှမ်း-ကယား(ကရင်နီ)နယ်စပ်တစ်လျှေက်ရှိ မြို့များကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ် ၁၀၀ဝန်းကျင်ရှိခဲ့ကြောင်းတိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ၏ မှတ်တမ်းများအရသိရသည်။
လက်ရှိအချိန်ထိ မိုးဗြဲမြို့၌ စစ်ရေးတင်းမာလျက်ရှိသည်။