စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းစစ်ကောင်စီတပ်က ဘုရားဆင်းတုများကိုပါ မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။
ဇွန်လ၄ရက်နေ့က ခင်ဦးမြို့နယ်၊ကံသစ်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ပြီးနောက် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်သော မှတ်တမ်းဓာတ်ပုံများ၌ ဘုရားဆင်းတုများ ပါ မီးရှို့ခံထားရကြောင်းတွေ့ရသည်။
“မင်းအောင်လှိုင်က သူမပြုတ်ရေးအတွက် ဘုရားတည်ပြီး ယတြာတွေချေတယ်။ သူတို့အာဏာအ တွက် ဘုရားလည်းမီးရှို့၊ဘုန်းကြီးလည်းသတ်၊ဘုန်းကြီးကျောင်းလည်း မီးရှို့။တိုင်းပြည်ကိုရော ဘာသာ ကိုပါ သူတို့အာဏာရဖို့ ဖျက်ဆီးသတ်ဖြတ်နေတာ အားလုံးမျက်မြင်ပါပဲ”လို့ ခင်ဦးဒေသ စစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။
ကံသစ်ရွာကို ၄ကြိမ်မြောက်အဖြစ် စစ်ကောင်စီတပ်သား၁၀၀ကျော်က ဇွန်လ၄ရက်နေ့ ညနေပိုင်း၌ ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ်၆၅လုံး မီးလောင် ပြာကျခဲ့သည်။
“ကံသစ်ရွာကို ရိုးရိုးဝင်မီးရှို့တာမဟုတ်ဘူး။သေနတ်တွေနဲ့ ပစ်ခတ်ပြီးတော့ ဝင်လာတာဆိုတော့ ကံ သစ်ရွာရောအနားကရွာတွေရော ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးကြရတယ်”ဟု ၎င်းကပြောသည်။
အိမ်ခြေ၆၀၀ဝန်းကျင်ရှိသောကံသစ်ရွာကို ၂၀၂၂ခုနှစ်ဇွန်တွင် ပထမအကြိမ်၊နိုဝင်ဘာတွင်ဒုတိ ယအကြိမ်၊၂၀၂၃ခုနှစ်မေတွင် တတိယအကြိမ်နှင့် ယခုဇွန်၄ရက်တွင် စတုတ္ထအကြိမ် စစ်ကောင် စီတပ်များက မီးရှို့ခဲ့ရာ စုစုပေါင်း ၃၂၈အိမ် မီးလောင်ပြာကျခဲ့ပြီးဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်း မှန်ပြန်ကြားရေးကဆိုသည်။
ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း၇၄ရွာမှ နေအိမ်ပေါင်း၆၀၀၀ဝန်းကျင် ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ပြီး တစ်မြို့နယ်လုံး၌ မီးဘေးသင့်ပြည်သူ၃သောင်းကျော်ရှိလာကာ အကူအညီများ နေ့စဥ် လိုအပ်လျက်ရှိကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကဆိုသည်။
စစ်ကောင်စီတပ်သည် ဇွန်လ၁ရက်နေ့မှစ၍ ခင်ဦးမြို့နယ်အတွင်း တောက်လျှောက် စစ်ကြောင်းထိုး အကြမ်းဖက်လျက်ရှိသည်။