ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ KNU၊ ဒူးပလာယာခရိုင်နယ်မြေ ဆံဖလားကျေးရွာအတွင်းသို့ ယနေ့ နံနက်အစောပိုင်း၌ စစ်ကောင်စီလေတပ်မှ Jet Fighter လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MPA ၏ သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီလက်အောက်ခံ နေပြည်တော်လေတပ်မှ Jet Fighter လေယာဉ်တစ်စင်းသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့၊ ယနေ့ နံနက်အစောပိုင်း ၂ နာရီခန့်၌ ကျေးရွာအတွင်းကို Cluster ဗုံး ၁၂ လုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းတစ်ကျောင်းနှင့် လူနေအိမ်အချို့ဗုံးစ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
“ လူထိခိုက်မှုတော့ မကြားမိဘူး။ အစ်မတို့ အိမ်ရဲ့ ဆိုလာပြားနဲ့ အိမ်ခေါင်မိုးတွေတော့ ဗုံးစ စင်ပြီး ပေါက်ကုန်တယ်။ အစ်မတို့တော့ အိမ်မှာ မရှိဘူး။ အိမ်မှာ ကျန်ခဲ့တဲ့ သူတွေကလည်း အိမ်ထဲ မအိပ်ကြတော့ အထိအခိုက်မရှိပါဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများနှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း ကနဦးစုံစမ်းသိရှိရပြီး Cluster ဗုံး ၁၂ လုံးအနက် ဗုံး ၁ လုံးမှာ မပေါက်ကွဲဘဲ ကျန်ရှိနေသေးသဖြင့် ရွာသားများ စိုးရိမ်နေရကြောင်းလည်း စုံစမ်းသိရှိရသည်။
“ ည ၂ နာရီထိုးကြီး လေယာဉ်သံအကျယ်ကြီး ကြားလိုက်ရတာနဲ့ တစ်ပြိုင်တည်း ကျင်းထဲဆင်းပြေးရတာ။ ဖိနပ်တောင် မစီးနိုင်ကြဘူး။ ကျင်းထဲလည်း အရောက် မအလ (စစ်ကောင်စီ) လေတပ်ကလည်း ဗုံးအကြဲပဲ၊ အုန်းကနဲကြားလိုက်ရတာ၊ အခုအကြဲခံလိုက်ရတဲ့ ကျောင်းကလည်း မနေ့ကမှ ဖွင့်ထားတာ မအလ (စစ်ကောင်စီ) စစ်တပ် ယုတ်မာချက်ဘဲ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကလည်း ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပြောပြသည်။
စစ်ကောင်စီသည် ကရင်ပြည်နယ်အတွင်းရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ လူနေအိမ်များ အပါအဝင် ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းစသည့် နေရာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်တိုင် ပစ်မှတ်ထားကာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေပြီး ထိုတိုက်ခိုက်မှုများအတွင်း သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ပျက်စီးဆုံးရှုံးမှုများ ရှိသည်ဟု စုံစမ်းသိရှိရသည်။