ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြေရဲစခန်းနှင့်စစ်ကောင်စီတပ်စခန်းအချို့ကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ရဲနှင့်စစ်သား အများအပြားသေဆုံးပြီး လက်နက်များလည်းသိမ်းဆည်းရမိကြောင်းသိရသည်။
ယနေ့ (ဇွန် ၆ ရက်)နံနက် ၄ နာရီ၊၁၅ မိနစ်ခန့်မှ ၈ နာရီထိ နတ်သံကွင်းနယ်မြေရဲစခန်းနှင့်စစ်ကောင်စီတပ်စခန်းအချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများပြင်းထန်ခဲ့သည်။
“မနက်အစောကြီးနတ်သံကွင်းရဲစခန်းနဲ့နတ်သံကွင်းတံတား၊ရေတွင်းကုန်းကြီးရွာ၊ဘုံသတော၊တံခွန်တိုင် တို့ကိုတစ်ပြိုင်တည်း တိုက်တာ။နတ်သံကွင်းတံတားက စစ်သားတွေရဲ့ လက်နက်ကြီးအထိုင်ချတာ။ကျန်တဲ့ရွာတွေက စစ်သားတွေက ရှေ့တိုးဝင်လာတာမှာ တိုက်ပွဲဖြစ်တာ။နတ်သံကွင်းရဲစခန်းကိုတော့မသိမ်းနိုင်ဘူး လေယာဥ်နဲ့ပစ်ကူပေးတာကြောင့်ပြန်ဆုတ်လာရတယ်”ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် နံနက် ၆ နာရီ၁၅ မိနစ်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်လာရောက်ပစ်ခတ်ပြီး ၆နာရီ မိနစ်၄၀ခန့်၌ရဟတ်ယာဥ်ဖြင့် ထပ်မံပစ်ကူပေးခဲ့ရာ ပူးပေါင်းတပ်ဖွဲ့ ပြန်လည်ဆုတ်ခွာခဲ့ရသည်။
အဆိုပါတိုက်ပွဲများတွင် ပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော် ၃ ဦး ကျဆုံးခဲ့ကာ စစ်တောင်းမြစ်ကူး နတ်သံကွင်းတံတား တစ်စင်းလည်း တိုက်ပွဲဖြစ်ပွားပြီး နာရီဝက်ခန့်အကြာ၌ ထက်ပိုင်းကျိုးကျသွားကြောင်းသိရသည်။
ယင်းတိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေး ပေ။
ကျောက်ကြီးမြို့နယ်၊နတ်သံကွင်း နယ်မြေသည် KNU/KNLA ၏ တပ်မဟာ ၃၊တပ်ရင်း၈၊၉ နယ်မြေများဖြစ်ပြီး မကြာခဏဆိုသလို စစ်ကောင်စီတပ်နှင့် KNLA၊PDFပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားလေ့ရှိသည်။
ပုံစာ-တိုက်ပွဲဖြစ်ပွားပြီးနောက် ထက်ပိုင်းကျိုးကျသွားသည့် စစ်တောင်းမြစ်ကူး နတ်သံကွင်းတံတား။