စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်အတွင်းသို့ ဇွန်လ ၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကလေးမြို့ ၂၂၈ အမြောက်တပ်အတွင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
“အင်း၊ မြို့ထဲက ထုတာ။ ဘယ်က တိုက်ပွဲရှိမလဲ။ မြို့ထဲ တောင်ပိုင်းငြိမ်တယ်။ မြို့ထဲကနေ မထင်ရင်မထင်သလို တောင်ပိုင်းထုလိုက် မြောက်ပိုင်းထုလိုက် လုပ်နေတာ။ ကျတဲ့အိမ်က အိမ်ရှင်မိန်းမကြီးက ဗိုက်ထိတယ်။ ၇ နှစ်အရွယ်ကလေးရော မိသားစု ၃ ယောက်။ ဘေးအိမ်က ၂ ယောက်ထိတာ”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ တာဟန်းရပ်ကွက်သည် ကလေးမြို့အနောက်ပိုင်းရှိ ရပ်ကွက်တစ်ခုဖြစ်ပြီး ချင်းလူမျိုးများအများဆုံး နေထိုင်ကြသည့် ရပ်ကွက်တစ်ခုဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“နေ့တိုင်းလိုလို ဟိုဘက်ထုလိုက် ဒီဘက်ထုလိုက်ထုနေကြတာ။ ဒကစ (ဒေသကွပ်ကဲရေးစစ်ဌာနချုပ်) ကနေထုလိုက်၊ ၂၂၈ ကနေ ထုလိုက်ပဲ။ ဘာအကြောင်းမှမရှိလည်း ထုနေတာ။ မတတ်နိုင်ဘူးလေ အခုလိုညအိပ်ချိန်ကြီး ကျလာရင်တော့လည်း သေဖို့ပဲရှိတာပ”ဟု ကလေးတောင်ပိုင်းဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ဇွန်လ ၅ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း ကလေးမြို့မြောက်ပိုင်းရှုခင်းသာရွာသို့ စစ်ကောင်စီမှလေယာဥ်ဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ၄ ဦးထိခိုက်ခဲ့ပြီး ကလေးမြို့ ၂၂ ၈အမြောက်တပ်မှလည်း ထိုနေ့တွင်ပင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် လက်ပံချောင်းရွာမှ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု စုံစမ်းသိရှိရသည်။