စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ စဥ့်ကိုင်ရွာကို စစ်ကောင်စီတပ်က ယနေ့နံနက် ပိုင်းတွင် မီးရှို့ခဲ့ကြောင်းသိရသည်။
ယနေ့နံနက် ၁၀နာရီခန့်တွင် စဉ့်ကိုင်ရွာကို မီးရှို့ခြင်းဖြစ်ပြီး မီးလောင်ပြာကျမှုအခြေအနေကို မသိရသေးပေ။
“ရွာထဲဝင်လာတော့လက်နက်ကြီးလက်နက်ငယ်ပစ်ဝင်တာ၊အနီးနားကရွာ၅ရွာလောက်ရှောင်နေရတယ်၊စစ်ကြောင်းရှိနေသေးတော့အနားမကပ်ရဲသေးဘူး” ဟု Bo Tiger အဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားကြီး ကပြောသည်။
စဉ့်ကိုင်ရွာအပါအဝင် ရွာ၅ရွာက ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ် ကြောင်းဗိုလ်ကျားကြီးကပြောသည်။
အဆိုပါစစ်ကြောင်းသည် ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာကို ဇွန်လ ၃ရက်နေ့က ဝင်ရောက်ကာ ဘုန်းကြီးကျောင်းပါမကျန်မီးရှို့ခဲ့ရာ နေအိမ် ၅၀ ကျော်ကို မီးလောင်ပြာကျခဲ့သည်။
ထို့အပြင် အသက်၂၃နှစ်အရွယ် လူငယ်တစ်ဦးကို စစ်သားများက ရက်ရက်စက်စက် သတ်ခဲ့သေး ကြောင်းသိရသည်။
” သေနတ်နဲ့ပစ်ပြီး ခေါင်းကိုဖြတ်ထားတာ၊ခန္ဓာကိုယ်ကိုတော့မီးရှို့ထားတယ်၊ခေါင်းကတော့ဒီတိုင်းထားခဲ့တာ၊အဲ့စစ်ကြောင်းက တမာကန်ကိုဝင်တယ်၊တမာကန်ကနေ တိုက်ရွာကိုဝင်ပြီးဒီနေ့မနက် စဥ့်ကိုင်ကိုမီးရှို့တာ” ဟု ဗိုလ်ကျားကြီး ကပြောသည်။
ဇွန်လ ၃ရက်နေ့က တမာကန်ရွာထဲရှိ ဆိုင်ကယ်၃စီးကိုမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် တအိမ်တက်ဆင်းဝင်ကာ ပစ္စည်းများမွှေနှောက်လုယက်သွားခဲ့သည်ဟု Wetlet Infromation Network က ဖော်ပြထားသည်။