ရန်ကုန်တိုင်းစစ်ဒေသခွဲ၌ ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ်တာ ကာလအတွင်းတွင် တော်လှန်ရေးအင်အားစုများမှ မြို့ပြစစ်ဆင်ရေးပေါင်း (၂,၀၀၀) ကျော်ကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်မှ ယမန်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့မှ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ရန်ကုန်တိုင်းစစ်ဒေသခွဲ၌ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F)၊ Special Task Force (S.T.F)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များနှင့် အခြားသော တော်လှန်ရေးအင်အားစုများမှ မြို့ပြစစ်ဆင်ရေးပေါင်း (၂,၀၀၀) ကျော်ကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။
“ မြို့ပြက အဖွဲ့တွေက MOD ရဲ့ COC (Chain of command) အောက်က ဆောင်ရွက်နေတဲ့ အဖွဲ့တွေရှိသလို သီးခြားကိုယ့်နည်းကိုယ့်ဟန်နဲ့ ရရာနည်းနဲ့ တော်လှန်နေတဲ့အဖွဲ့တွေလည်း ရှိတယ်။ တော်တော်များများကတော့ MOD ရဲ့ COC အောက်မှာ လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တွေ ဖြစ်တယ်။ တချို့ကျတော့ COC မရသေးဘူး ဒီတိုင်းပဲ ကိုယ့်ဟာကိုယ် သီးသန့်ရပ်တည်ပြီးတော့ မြို့ပြမှာ ဆောင်ရွက်နေတဲ့ အဖွဲ့တွေ ရှိတယ်” ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ စစ်ဆင်ရေးများတွင် စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီးအဆင့်များ အပါအဝင် သေဆုံးမှု (၆၀၀) ကျော်၊ ထိခိုက်ဒဏ်ရာရရှိမှု (၉၀၀) ကျော်ရှိခဲ့သည်ဟု ဆိုသည်။
ယင်းစစ်ဆင်ရေးများအတွင်း မတော်တဆထိခိုက်မှုများ၊ စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုများကြောင့် တော်လှန်ရေးရဲဘော်များဘက်မှ ကျဆုံးရဲဘော် (၈၀) ကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀) ခန့်နှင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ (၁၀၀၀) ကျော် ရှိခဲ့ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများတွင် စစ်ရေးပစ်မှတ် (၁,၀၀၀) ကျော်၊ အုပ်ချုပ်ရေးပစ်မှတ် (၈၀၀) ကျော်နှင့် စီးပွားရေးပစ်မှတ် (၂၀၀) ကျော်ပါဝင်ပြီး ယင်းပစ်မှတ်များကို အထူးစစ်ဆင်ရေးလှုပ်ရှားမှု အကြိမ်ရေ (၅၀) ခန့်၊ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ (၅၀၀) ကျော်နှင့် ဖောက်ခွဲတိုက်ခိုက်မှုပေါင်း (၁,၅၀၀) ကျော်တို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းစစ်ဒေသခွဲအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းဖြစ်သည့် တပ်ရင်း ၅၁၀၁ ကိုလည်း ဖွဲ့စည်းပြီးဖြစ်သည့်အတွက် မြို့ပြပြောက်ကျားစစ်ဆင်ရေးများနှင့် တောတွင်းကျေးလက်စစ်ဆင်ရေးများကို နည်းဗျူဟာကျကျ ဟန်ချက်ညီစွာ ပေါင်းစပ်၍ တိုက်ပွဲများဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။