ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ကြာအင်းဆိပ်ကြီးရဲစခန်း၊ ခလရ ၂၈၄ နှင့် စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ အခွန်ရုံးနှင့် တရားသူကြီးရုံးများအား မဟာမိတ်တပ်ဖွဲ့များနှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ တပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့၊ နံနက် ၅ နာရီအချိန်ခန့်၌ အဆိုပါနေရာများအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်း၍ တပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ ဟုတ်တယ်။ အဓိက အစ်ကိုတို့ ပစ်မှတ်ထားပြီး လုပ်ရတဲ့နေရာက သုံးနေရာဖြစ်သွားတာပေါ့။ တစ်ခုကတော့ ခလရ ၂၈၄ စကစ တပ်ရင်းဌာနချုပ်တစ်ခုရယ်၊ နောက်တစ်ခုကျတော့ ရဲစခန်းနဲ့ တရားရုံးတစ်နေရာမှာတည်းရှိတဲ့ အဲ့ဒီပစ်မှတ်တစ်ခု၊ နောက်တစ်ခုကျတော့ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ မြေစာရင်းရုံး၊ အခွန်ရုံး၊ ထွေအုပ်ရုံး အဲ့ဒီရုံးတွေရှိတဲ့ တစ်နေရာပေါ့နော်။ သုံးနေရာကို အစ်ကိုတို့ တစ်ပြိုင်တည်းလုပ်ရတာ။ လူအင်အားအရေအတွက်တော့ အစ်ကိုတို့ မပြောတော့ဘူး။ အားလုံးပူးပေါင်းပြီး ဒီပစ်မှတ်သုံးနေရာကို တပြိုင်နက်တည်း တိုက်ခိုက်တာ၊ ပြောက်ကျားစနစ်မဟုတ်ဘူး။ အစ်ကိုတို့ အချိန်ကိုက် ထိုးစစ်ဆင်ပြီး တိုက်ခိုက်ခဲ့တာပါ” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တာဝန်ခံက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ ရဲစခန်းနှင့် ရုံးများကြေမွပျက်စီးခဲ့ပြီး စစ်သားနှင့်ရဲ (၁၀) ဦးခန့်သေဆုံးကာ (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။
S.O.F ရဲဘော်နှစ်ဦးခြေထောက် ထိခိုက်ဒဏ်ရာနှင့် တစ်ဦးရင်ဘတ်မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်စရာမရှိ “ ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ထံမှ သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး ၁၂၀ မမ၊ ရဟတ်ယာဥ်များဖြင့် မြို့ပေါ်နေရာအနှံ့လိုက်လံ ပစ်ခတ်ခဲ့ပြီး တော်လှန်ရေး အင်အားစုများမရှိသည့် ဘာသာရေးအဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သောကြောင့် ရဟန်းတော်တစ်ပါး လက်နက်ကြီးထိမှန် ကွယ်လွန်ခဲ့သည့်အပြင် ဒေသခံပြည်သူ (၂) ဦးလည်း လက်နက်ကြီးထိမှန်သေဆုံးခဲ့ကာ ဘာသာရေးအဆောက်အအုံများနှင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ်များနှင့် လက်အောက်ခံဌာနဆိုင်ရာများအနေဖြင့် ကြာအင်းဆိပ်ကြီးမြို့ပေါ် နှင့် မြို့ပြင်ကင်းပုန်းများတွင် ဒေသခံပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ပစ္စည်းများသိမ်းယူခြင်းအပြင် သတ်ဖြတ်မှုများ မကြာခဏလုပ်ဆောင်နေသလို မြို့ပေါ်ရပ်ကွက်များအနီးရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့်် နေ့စဥ်ပစ်ခတ်သဖြင့် ၄င်းလက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရသူများလည်း အမြဲရှိနေကြောင်း ကြားသိရသည်။