ရှမ်း-ကယားနယ်စပ်၊မိုးဗြဲမြို့လယ်ခေါင်ကို ယနေ့နံနက်ပိုင်းက လက်နက်ကြီးကျခဲ့ရာ တံမြက်စည်းလှဲနေသည့် လူငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ယနေ့နံနက်၆နာရီခန့်ကမိုးဗြဲမြို့၊ပွဲကုန်း(၂)ရပ်ကွက်ရှိ နေအိမ်တစ်လုံးရှေ့တွင် တံမြတ်စည်းလှဲနေသည့် အမျိုးသားတစ်ဦး လက်နက်ကြီးကျ၍ ယမ်းစထိမှန်ကာသေဆုံးခဲ့ကြောင်း မိုးဗြဲPDFအဖွဲ့ဝင်တစ်ဦးကပြောသည်။
“ဟုတ်တယ်။မနက်ကဖြစ်တာ။သူက အိမ်ထဲမှာ တံမြက်စည်းလှဲနေတာ။လက်နက်ကြီးကကျပြီး သူ့ကိုထိတာ။ပွဲချင်းပြီးတော့မဟုတ်ဘူး။လွိုင်ကော်ဆေးရုံရောက်ပြီးမှ သေတာ။ဆုံးသွားပါပြီ။ခမရ (၄၂၂)က ပစ်တဲ့ တာဝေးပစ်ဒုံး ထိပြီးသေတာပါ” ဟု ၎င်းက ပြောသည်။
လက်နက်ကြီးထိခဲ့သည့် ကိုအောင်ကျော်ဖြိုး(ခ)အဖြိုး(၂၂နှစ်) ကို မိုးဗြဲပရဟိတအသင်းမှ ရွှေလွိုင်ကော် ပရဟိတအသင်းသို့ လက်လွှဲကာ လွိုင်ကော်ဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးခဲ့သော်လည်း ရရှိဒဏ်ရာများဖြင့် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း ရွှေလွိုင်ကော် ပရဟိတအသင်း ဒုဥက္ကဌ ကိုအောင်မိုးမြင့်က ပြောသည်။
“ လူနာကအသက်အန္တရာယ်စိုးရိမ်ရလူနာပေါ့။ဦးခေါင်းခွံပေါက်ထွက်ဒဏ်ရာ၊ဝမ်းဗိုက်ထိမှန်ဒဏ်ရာ၊ညာပေါင်ထိဒဏ်ရာရထားတယ်။လက်နက်ကြီးစတွေပေါ့။မိုးဗြဲပရဟိတအသင်းက လွိုင်ကော်မြို့အထွက် နွားလဝိုးစစ်ဆေးရေးဂိတ်မှာ ကျွန်တော်တို့အသင်းနှင့် ကားချင်းချိန်းပေးလိုက်တာ။အောက်ဆီဂျင်မပြတ်ပေးပြီး အရေးပေါ်ပို့ပေးပေမယ့် ဆေးရုံရောက်ပြီး မကြာခင်မှာပဲ ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ နံနက် ၆နာရီခန့်က ခမရ (၄၂၂) မိုးဗြဲဆည် အစောင့်တပ်က မိုးဗြဲမြို့တွင်းသို့ တာဝေးပစ်လက်နက်ကြီးဖြင့် ၅ကြိမ်ပစ်ခတ်ခဲ့ရာ မိုးဗြဲမြို့ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်မီးလောင်ကာ ပြည်သူနှစ်ဦး လက်နက်ကြီးကျည် ရှပ်ထိဒဏ်ရာရခဲ့သေးသည်။