By MPA CJ 023
စစ်ကိုင်တိုင်း၊ကနီ၊ယင်းမာပင်နှင့်ဆားလင်းကြီးမြို့နယ်တို့က Local PDF အချို့ကို စုစည်းပြီး Union Liberation Front-ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ဗဟို)အဖြစ်ဖွဲ့စည်းလိုက် ကြောင်းသိရသည်။
မေလ ၂၈ရက်နေ့က ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး တွင် ပါဝင်သော တပ်ဖွဲ့များ၏ ဘုံသဘောတူညီမှုအရ တစ်မြို့နယ်လျှင် စစ်ကြောင်း ၁ ကြောင်းစီထား၍ ၃ မြို့နယ် စစ်ကြောင်း ၃ ကြောင်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွတ်မြောက်တပ်ဦး ကထုတ်ပြန်သည်။
“ပြန့်ကျဲနေတဲ့ တပ်ဖွဲ့တွေကို စုစည်းပြီး စစ်ကြောင်းတစ်ကြောင်းအနေနဲ့စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်ဖို့ရည်ရွယ်ပါတယ်။မဟာမိတ်တပ်ပေါင်းစုထဲမှာ ပါတဲ့တပ်ဖွဲ့တွေကို စစ်ရေးကုန်ကျစရိတ်ကို မျှပြီးခံမှာပါ”ဟု ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ AT ကပြောသည်။
Comrade Columns၊Alpha Columns နှင့် KLG Columns ဟူ၍အမည်ပေးထားသော စစ်ကြောင်း ၃ ကြောင်းတွင် Local PDF တပ်ဖွဲ့ပေါင်း ၁၈ ဖွဲ့ဖြင့် စုပေါင်းထားပြီး ဗဟိုကော်မတီ ဥက္ကဌ ကို အလှည့်ကျစနစ်ဖြင့် ၆ လ တစ်ကြိမ် ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြှောက်ကာ ဒုတိယအကြိမ် သက်တမ်း ၃ လတိုး၍ ထပ်တိုးဆောင်ရွက်ခွင့်ရှိကြောင်းသိရသည်။
ဥက္ကဌ အပါအဝင် ဗဟိုကော်မတီဝင်အားလုံးသည် တာဝန်ထမ်းဆောင်ချိန် ၆ လအတွင်း ပြစ်မှုတစ်စုံတစ်ရာရှိပြီး အယုံအကြည်မရှိ အဆို မဲ ၇၅ ရာခိုင်နှုန်းအထက်ရရှိပါက ဖြုတ်ချပိုင်ခွင့်ရှိသည်။