By MPA CJ008
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၆) အား မေလ ၃၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ လက်နက် ၅ လက် တပ်ဆင်ပေးခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁၆)၊ တပ်ရင်းမှူးဗိုလ်အောက်ဆွဲထံမှ သိရသည်။
“ကျနော်တို့ ၆ လ ၇ လလောက်စောင့်လိုက်ရတယ်ဗျ။ သေနတ် ၅ လက်၊ သေနတ်တစ်လက်ကို ကျည်တစ်ရာနဲ့ ကျည်ပေါက်သုံးပေါက်စီပါတယ်။ အားလုံးသေနတ် ၅ လက်၊ ကျည်ပေါက် ၁၅ ပေါက်၊ ကျည် ၅၀၀ ပေါ့”ဟု တပ်ရင်းမှူးဗိုလ်အောက်ဆွဲက MPA သို့ ပြောသည်။
ယခုလက်နက်တပ်ဆင်ပေးမှုသည် ရင်းတစ်ရင်းအတွက် ရင်းစောင့်အနေဖြင့် တပ်ဆင်ပေးသည့် လက်နက်မျှသာဖြစ်ပြီး နောက်ထပ်လက်နက်အပြည့်အစုံ တပ်ဆင်ပေးနိုင်ရေးအတွက် NUG အနေဖြင့် ကြိုးစားလျက်ရှိသည်ဟု သိရသည်။
“အရင် လက်နက် မရခင်တုန်းကတော့ အခက်အခဲတွေ အများကြီးရှိခဲ့တာပေါ့နော်။ အခုအနည်းနှင့်အများဆိုသလို NUG အနေနဲ့ လက်နက်တပ်ဆင်ပေးလာတော့ တိုင်းနဲ့ပြည်နယ်မှာ လှုပ်ရှားမှုတွေ ပိုမိုလှုပ်ရှားလာတော့မယ်ပေါ့နော်”ဟု ၎င်းက ဆက်ပြောသည်။
ယခုလအတွင်း မိုခါမုန်တိုင်းကြောင့် ယမားချောင်းရေလျှံမှုတွင် ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) အနေဖြင့် စခန်းတစ်ခု ရေနစ်မြုပ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့သည်ဟု ဆိုသည်။
“ကျနော်တို့ ဆုံးရှုံးမှုတွေများခဲ့တဲ့အတွက် မြေပြင်အနေနဲ့လည်း လှူဒါန်းကြပါဦးလို့ ပြောချင်ပါတယ်။ NUG က အခုလို လက်နက်တပ်ဆင်ပေးသလို ပြည်သူတွေအနေနဲ့လည်း ကျည်ဖိုး၊ ယမ်းဖို့ ကူညီကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်နက်တပ်ဆင်ပေးရခြင်းမရှိသေးသည့် အခြားတပ်ရင်းတပ်ဖွဲ့များကိုလည်း NUG အစိုးရအနေဖြင့် တဖြည်းဖြည်း တပ်ဆင်ပေးသွားမည့်အကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ အား ပြောကြားသွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။