By MPA CJ 008
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧပြီလအတွင်းက စစ်ကောင်စီထံ လက်နက်ချအညံခံသွားသည့် Defense Team Pakokku အဖွဲ့ခေါင်းဆောင် အောင်သူ (ခ) Snake၏ စည်းရုံးမှုကြောင့် နောက်ထပ် PDF ၇ ဦး လက်နက်များငွေကြေးများဖြင့် စစ်ကောင်စီထံလက်နက်ချအညံ့ခံသွားကြကြောင်း ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့က မေလ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အောင်သူ (ခ) Snake (ဘ) ဦးဇော်ဝင်းသည် ပခုက္ကူမြို့ အမှတ် (၅) ရပ်ကွက်၊ သီရိစန္ဒာလမ်းတွင်နေထိုင်သူဖြစ်ပြီး တော်လှန်ရေးကာလအစောပိုင်းတွင် တော်လှန်ရေးလုပ်ငန်းစဥ်အချို့အား လိုက်ပါဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ရန်ပုံငွေရှားပါးခြင်းကိုအကြောင်းပြုကာ စစ်ကောင်စီနှင့် ဆက်စပ်သည်ဟု ယူဆရသူများအားပြန်ပေးဆွဲခြင်း၊ ဖမ်းဆီးငွေတောင်းခံခြင်းများ ပြုလုပ်လာသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏မူဝါဒ၊ စစ်သည်တော်များ လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်စည်းကမ်းများနှင့် မညီညွတ်ခြင်း၊ တော်လှန်ရေးပုံရိပ်အားကျဆင်းစေခြင်းတို့ကြောင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တော်လှန်ရေးအင်အားစုများမှ ၎င်းအားသတိပေးခြင်း၊ ဖြေရှင်းချက်တောင်းခံခြင်းများပြုလုပ်ခဲ့ရာ တာဝန်ယူဖြေရှင်းနိုင်ခြင်းမရှိဘဲ စစ်ကောင်စီထံသို့ လက်နက်ချအညံ့ခံသွားခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အောင်သူ (ခ) Snake၏ စည်းရုံးသိမ်းသွင်းမှုကြောင့် မေလ ၂၅ ရက်နေ့တွင် ၎င်း၏လက်အောက်မှ PDF ၃ ဦးသည် မောင်းပြန်သေနတ် ၂ လက်၊ ပြန်ပေးဆွဲရာမှရရှိသည့် ငွေကျပ်သိန်း ၄၀၀ နှင့်အတူ ခဲယမ်းမီးကျောက်များအား ယူဆောင်၍လည်းကောင်း Earthquake Defense Forceအဖွဲ့မှ တိုက်ခိုက်ရေးခေါင်းဆောင်အပါအဝင် ၄ ဦးသည် မောင်ပြန်သေနတ် ၂ လက်နှင့် ငွေကျပ်သိန်း ၂၀၀၀ ခန့်အား ယူဆောင်၍ စစ်ကောင်စီထံ လက်နက်ချအညံ့ခံသွားခြင်းဖြစ်သည်ဟု သိရသည်။
“ပြည်သူက ကာကွယ်ပေးထားပြီး ပြည်သူ့ပိုက်ဆံနဲ့ ဝယ်ခြမ်းထားတဲ့ လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ပြည်သူ့အပေါ်ကို သစ္စာဖောက်တဲ့ ပြည်သူကို မငဲ့ကွက်တဲ့ လုပ်ရပ်မျိုးကို အပြင်းအထန် ရှုံ့ချပါတယ်။ နောက်နောင် PDF များ အနေနဲ့ ပြည်သူကိုအမှန်တကယ်ကာကွယ်ပြီး Code Of Conduct ကို အမှန်တကယ် လိုက်နာပြီး ပြည်သူ့အပေါ်ကို သစ္စာရှိပေးကြဖို့ တိုက်တွင်းချင်ပါတယ်”ဟု ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ စစ်ကောင်စီထံ လက်နက်ချအညံ့ခံသွားသူများမှာ စိုင်းချစ်တုန် (ခ) ရရ (ခ) ငစိုင်း (ဘ )ဦးကျော်သူ၊ သော်ဇင်ခန့် (ခ) အိကွေး (ဘ) ဦးဝင်းမြင့်၊ ဝေဖြိုးပိုင် (ခ) အသေးလေး (ဘ) ဦးမှတ်ကြီး၊ အာကာစိုးမြင့် (ခ) တွတ်ပီ (ဘ ) ဦးစိုးမြင့်၊ ဝင်းမင်းအောင်(ခ) ဝင်းကြီး (ဘ) ဦးခင်ဇော်၊ မြတ်မင်း (ဘ) ဦးထူးအောင်နှင့် သက်နိုင်ဦး (ခ) အပု (ဘ) ဦးတိုင်းချစ် တို့ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
“အဓိကတော့ မခိုင်တဲ့ကြိုးတွေ ပြတ်ထွက်ကုန်တာပါပဲ။ ခံယူချက်၊ ယုံကြည်ချက်မရှိဘဲ အပေါ်ယံခံစားချက်လောက်နဲ့ လက်နက်ကိုင်တော်လှန်ရေး မလုပ်သင့်ဘူး။ လက်နက်ကိုင်လမ်းကြောင်းကိုမှ ရွေးချယ်ပြီးသွားရင် စကစရဲ့ ဘယ်လိုမဲဆွယ်မှုကို မယုံသင့်ဘူး” ဟု ပခုက္ကူမြို့မှ တော်လှန်ကဗျာဆရာမင်းသန့်စင်က MPA သို့ ပြောသည်။
တော်လှန်ရေးအားပုံဖျက်ကာ စစ်ကောင်စီထံလက်နက်ငွေကြေးများဖြင့် အညံ့ခံထွက်ပြေးသွားသော အဆိုပါ ၈ ဦးအား ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ပခုက္ကူနှင့် မြိုင်မြို့နယ်အခြေစိုက် ပကဖတပ်ရင်းများ၊ PDFတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးအဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတို့အခြေစိုက်ရာတပ်စခန်းများအား ၎င်းထွက်ပြေးသွားသူများထံမှ သတင်းပေါက်ကြားနိုင်သည့်အတွက် လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်၍ အမြန်ဆုံးရှောင်ရှားနိုင်ရန် သတင်းထုတ်ပြန်ထားသည်။