By MPA CJ 014
ရှမ်းနှင့်ကယားနယ်စပ်ရှိ မိုးဗြဲမြို့ပေါ်ကို ယနေ့ နံနက်ပိုင်းတွင်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၀ကြိမ် ပြုလုပ် ခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၇နာရီမှ ၉နာရီခွဲအတွင်း မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက် နှင့် ဈေးကုန်းရပ်ကွက်တို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ကြောင်း KNDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
မိုးဗြဲမြို့ နေရာတော်တော်များများကို လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် (၇)ကြိမ်ပတ်ပစ်ခဲ့ရာ ပေါ်ဦးရပ်ကွက်ရှိ ကလေးငယ်များအပါအဝင် ပြည်သူအချို့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ ဒီနေ့မနက်ကဖြစ်တာပါ။လေကြောင်းကို သုံးပြီး ၁၀ကြိမ်တိုက်ခိုက်တာပေါ့။၇ကြိမ်က စက်သေနတ်နဲ့ ပတ်ပစ်တာပေါ့။ဗုံးက ၃ကြိမ်ကြဲတယ်။ပေါင် ၅၀၀ဗုံးသီးကြီးတွေပေါ့။ထိခိုက်သေဆုံးစာရင်းကတော့ သေချာမသိသေးဘူး။များတယ်။ညောင်းဝိုင်းဘုန်းတော်ကြီးကျောင်းလည်း လေယာဉ်ဗုံးကြောင့် အတော်များများပျက်စီးသွားတယ်။ကျောင်းနားက မဟာဓာတ်အားလိုင်းကြိုးတွေလည်း ပျက်စီးသွားခဲ့ပါတယ်” ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ယမန်နေ့ည၇နာရီခန့်ကလည်း ပင်လောင်းမှလာသည့် စစ်ကား၉စီးထက်မနည်း ဖယ်ခုံမြို့သို့ ရောက်ရှိလာပြီး ဒီးမော့ဆို အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း သိရသည်။
“ စစ်ရေးအခြေအနေကတော့ စိုးရိမ်ရတယ်။မနက်ကလည်း မိုးဗြဲမှာ ၉ကြိမ်ဗုံးကြဲသွားတယ်။ထိခိုက်ဒဏ်ရာရသူများတယ်။အခုတော့လေယာဉ်ပျံတွေမရှိတော့ဘူး။တိုက်ပွဲ ဒီနေ့ဖြစ်နိုင်တယ်ပေါ့။လတ်တလောတော့ ငြိမ်နေတယ်။အခုပဲ မနက် ၁၁လောက်က လွိုင်ကော်ဘက်ကနေစစ်ကူ စစ်ကား၊အမြောက်ကား ၂၀စီးလောက် လွိုင်ကော်-မိုးဗြဲလမ်းမကြီးဘက်ကိုတက်လာနေတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ကရင်နီ ပြည်နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေသဖြင့် လွိုင်ကော်-ဖယ်ခုံလမ်းနှင့် လွိုင်ကော်-ဆီဆိုင်လမ်းကို ဒေသခံပြည်သူများ ဖြတ်သန်းသွားလာခြင်းလုံးဝ မပြုရန် KNDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အသိပေးထားသည်။