By MPA CJ 023
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်က ရွှေဖောင် လုပ်ကွက်များကို၃ရက်ဆက်တိုက်လုယက်ဖျက်ဆီးနေကြောင်း သိရသည်။
မေလ ၂၅ ရက်နေ့ ကကျွန်းလှမြို့နယ်၊သဖန်းဆိပ်ဆည်အရှေ့ကမ်းရှိ ဒေသအခေါ် တင်းတိန်ယံခုံ က ရွှေလုပ်သားများ၏ ဆိုင်ကယ်၊ရွှေဖောင်နှင့်ဆက်စပ်သည့် စက်ပစ္စည်းများကို ဖျက်ဆီး၍ သယ်ယူကာ ရွှေလုပ်သား ၂ ဦး အားသတ်ဖြတ်ပြီး ဆက်စပ်လုပ်ငန်းရှင်များအပါအဝင် လူ၇၀ ဝန်းကျင်ဖမ်းဆီးခံထားရကြောင်းInfinity Group ထံက သိရသည်။
“ရွှေဖောင်လုပ်ကွက်တွေကို ၂၄ ရက်နေ့ မနက်ပိုင်းကတည်းက ဝင်ပြီးဖျက်နေတာ ဒီနေ့ထိ ဆို ၃ ရက်ရှိပြီပေါ့။၂၄ ရက်နေ့က အလုပ်သမား ၁ ယောက်ကို ပစ်သတ်တယ်။မနေ့က နောက်ထပ် ၁ ယောက်ကို ပစ်သတ်တယ်”ဟု Infinity Group မှ တာဝန်ရှိသူကပြောသည်။
မေလ ၂၄ ရက်နေ့မနက်ပိုင်းမှစတင်၍ ကန့်ဘလူမြို့နယ်မှ ထွက်လာသော စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၆၁ နှင့်ပျူစောထီးများ စုပေါင်းအင်အား ၂၀၀ ဝန်းကျင်ခန့်က သဖန်းဆိပ်ဆည်အနီးရှိ ရွှေဖောင်လုပ်ကွက် ၃၀၀ ဝန်းကျင်ကို ဖျက်ဆီးခြင်းဖြစ်သည်။
သဖန်းဆိပ်ဆည်အနီးရှိ ရွှေလုပ်ကွက်မှ ရွှေဖောင် ၁ ခု၏ ကာလတန်ဖိုးသည် ကျပ်ငွေ သိန်း ၄၀၀ ဝန်းကျင်ရှိကြောင်းယခုကဲ့သို့ စစ်ကောင်စီတပ်က
ဝင်ရောက်ဖျက်ဆီးခြင်းကြောင့် သိန်းပေါင်းသောင်းနှင့်ချီ၍ ဆုံးရှုံးနိုင်ကြောင်း Infinity Group ကထုတ်ပြန်ထားသည်။
လက်ရှိတွင် သဖန်းဆိပ်ဆည်ဧရိယာအနီးရှိ ရွှေလုပ်ကွက်များ၌ ရွှေဖောင် ၅၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။