မန္တလေးတိုင်း၊ မြင်းခြံထောင်တွင် နိုင်ငံရေးအကျဥ်းသားအချို့ကို စစ်တပ်က ရိုက်နှက်စစ်ဆေးနေခြင်းနှင့်ပတ်သက်ပြီး ပြင်ပသို့ သတင်းမပေါက်ကြားရန် ထောင်ဝန်ထမ်းတို့၏ ဖုန်းများအား သိမ်းဆည်းထားကြောင်း သိရသည်။
မြင်းခြံထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသား ၇ဦး ကို စစ်ကောင်စီတပ်နှင့်ရဲတို့က မေလ ၂၁ရက်နှင့်၂၂ရက် နေ့တွင် ထောင်ပိုင်ရုံးခန်းထဲသို့ ခေါ်ထုတ်စစ်ဆေးပြီးနောက်ထပ် နိုင်ငံရေးအကျဉ်းသား၄ဦးကိုလည်း ထပ်မံခေါ်ဆောင်သွားကြောင်း မည်သည့်အကြောင်းကြောင့် အိပ်ဆောင်ထဲမှ ခေါ်ထုတ်သွားသလဲဆိုသည်ကိုထောင်အာဏာပိုင်များက တစ်စုံတစ်ရာပြောကြားခြင်းမရှိကြောင်း မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုရှင်းသန့်ကပြောသည်။
“ ထောင်ဝန်ထမ်းတွေကိုလည်း ဖုန်းတွေသိမ်းထားတယ်လို့ကြားတယ်၊မီဒီယာတွေမှာတက်နေတဲ့သတင်းတွေက ထောင်ဝန်ထမ်းတွေဆီကပဲသတင်းပေါက်တယ်၊သတင်းရတယ်လို့ဆ်ိုပြီး ဖုန်းတွေသိမ်းထားတယ်” ဟု ၎င်းကပြောသည်။
ခေါ်ထုတ်စစ်ဆေးနေသောနိုင်ငံရေးအကျဉ်းသားများကိုစစ်သားနှင့်ရဲတို့က ရိုက်နှက်စစ်ဆေးနေပြီး မန္တလေးတိုင်းအကျဉ်းဦးစီးညွှန်ချုပ်နှင့်
ညွှန်ကြား ရေးမှူးတို့လည်း ရောက်ရှိစစ်ဆေးနေသည်ဟု သိရသည်။
“ သူတို့ကတိုးတိုးတိတ်တိတ်ကိုင်တွယ်တဲ့သဘောပေါ့၊လက်လွန်သွားလို့သေသွားရင်လည်း ကြည့်ကိုင်တွယ်လို့ရတယ်ဆိုတာမျိုးလုပ်တာ” ဟုကိုရှင်းသန့်ကပြောသည်။
ခေါ်ထုတ်စစ်ဆေးနေသော နိုင်ငံရေးအကျဉ်းသားများကို ယနေ့(မေ၂၄)မွန်းလွဲပိုင်းအချိန်ထိအိပ် ဆောင်သို့ပြန်မပို့သေးကြောင်းသိရသည်။
နိုင်ငံရေးအကျဉ်းသားများကို ယင်းသို့ အကြောင်းပြချက်မပေးဘဲခေါ်ထုတ်စစ်ဆေးခြင်းအပေါ် ကန့် ကွက်သည့်အနေဖြင့် အိပ်ဆောင်တွင်းကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများကအစာငတ်ခံ ဆန္ဒ ပြနေကြောင်း သိရပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးကြောင်း ကိုရှင်းသန့်ကပြောသည်။
ခေါ်ထုတ်စစ်ဆေးခံရသည့်နိုင်ငံရေးအကျဉ်းသားတစ်ဦး ရိုက်နှက်ညှင်းပန်းခံရခြင်းကြောင့်ကျဆုံးသွားကြောင်း သတင်းထွက်ပေါ်နေသော်လည်း MPA အနေနှင့် အတည်မပြုနိုင်သေးပေ။