ရခိုင်ပြည်နယ်တွင် ဆေးဝါးများသည် ကန့်သတ်ပစ္စည်းစာရင်းတွင် ပါဝင်နေသည့်အတွက် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရပြီးနောက် ဆေးဝါးလိုအပ်ချက်များစွာရှိနေကြောင်း ဒေသခံများထံမှသိရသည်။
စစ်ကောင်စီတပ်နှင့် ရခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီမှ လမ်းတစ်ချို့အား ပိတ်ထားခဲ့သလို ဆေးဝါးများကိုလည်း ကန့်သတ်ပစ္စည်းစာရင်း သွင်းခဲ့သည်။
“ ဆေးက ရခိုင်မှာ မနှစ်ကလောက်တည်းက ကန့်သတ်ပစ္စည်းဆိုပြီး သတ်မှတ်ခံထားရတာ။ သူတို့ (စစ်ကောင်စီ) သတ်မှတ်လိုက်တည်းကလည်း ရခိုင်မှာ ဆေးတွေက ဈေးတွေအရမ်းတက်ကုန်ပြီးတော့ ဝယ်ဖို့ ခက်ခဲ့တာ။ ပြီးခဲ့တဲ့ ၂ လ၊ ၃ လလောက်ကတော့ သူတို့ လမ်းတွေ ပြန်ဖွင့်ပေမယ့် ဆေးတွေကိုတော့ ကန့်သတ်စာရင်းထဲပဲထည့်ထားတုန်းပဲ။ အဲ့ဒီတုန်းကတော့ ဝယ်ရင် ဈေးပဲကြီးတာ ပိုက်ဆံရှိရင် ဝယ်လို့ရတယ်။ အခုက မုန်တိုင်းကြောင့်ဆိုတော့ ဈေးလည်းကြီးတယ် ဝယ်ဖို့လည်း ပိုခက်ခဲတယ်။ မြို့ပေါ်တက်ဝယ်လည်း လမ်းစရိတ်က ကြီးတယ်” ဟု ဒုံးပိုက်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းတွင် စစ်ကောင်စီတပ်နှင့် ရခိုင့်တပ်တော် (AA) တို့ကြား နှစ်ဘက်ပစ်ခတ်မှု ရပ်ထားခဲ့သော်လည်း ကုန်စည်နှင့် ဆေးဝါးများအား သယ်ယူခွင့်ကို စစ်ကောင်စီမှ ကန့်ထားခဲ့သည်။
“ မုန်တိုင်းဒဏ်က ခံထားရတော့ ကျန်းမာရေးအတွက် ဆေးဝါးကတော့ လိုမယ်။ နဂိုကတည်းက ရခိုင်ပြည်ဘက်ကို ဆေးဝါးသယ်ယူမယ်ဆိုရင် နယ်လုံလက်မှတ်ပါမှ သယ်ခွင့်ရှိတယ်။ ဆေးဝါးက ရခိုင်မှာ ကန့်သတ်ပစ္စည်းစာရင်းဝင်တယ်” ဟု စာရေးဆရာ ဝေဟင်အောင်မှ ပြောသည်။
သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရချိန်တွင် ဆေးဝါးလိုအပ်ချက်သည် အရေးပေါ်ဖြစ်နေပြီး ကန့်သတ်ပစ္စည်းအဖြစ် ဆက်လက် မသတ်မှတ်စေချင်ကြောင်းလည်း ၎င်းမှ ဆက်ပြောသည်။
“ အခုတော့ သူတို့ ဆက်ကန့်သတ်ထားမလား မထားမလားဆိုတာ မသိရသေးဘူး။ ကျွန်တော့် သဘောကတော့ မကန့်သတ်စေချင်ဘူး။ လုပ်လည်း မလုပ်ကောင်းဘူး။ လူ့အခွင့်ရေးအရပဲဖြစ်ဖြစ်၊ ဘာသာရေးအရပဲကြည့်ကြည့် ဒီအချိန်မှာ ဖွင့်ပေးရမယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် မေ ၁၄ ရက်နေ့က အင်အားပြင်း ဆိုင်ကလုန်း မိုခါသည် ရခိုင်ပြည်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ ဂွနှင့် မာန်အာင်မြို့နယ်များသို့ ဝင်ရောက်ခဲ့သည်။
မိုခါမုန်တိုင်းသက်ရောက်မှုကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောတို့တွင် နေအိမ်၊ ဆေးရုံ၊ ဆေးခန်းများနှင့် ဘာသာရေးအဆောင်အအုံများ ၉၀ ရာခိုင်းနှုန်း ပျက်စီးခဲ့ရပြီး ကနဦး စာရင်းများအရ လူရာနှင့်ချီ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။